5 သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။
6 သို့ရာတွင်အချို့သောသူတို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့် ဘာသာရေးထုံးနည်းအရမသန့်စင်သောကြောင့် ထိုနေ့တွင်ပသခါပွဲတော်ကိုမဝင်နိုင်ကြချေ။ သူတို့သည်မောရှေနှင့်အာရုန်တို့ထံသွား၍၊-
7 ``အကျွန်ုပ်တို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်ကြပါ။ အခြားသူများနည်းတူအကျွန်ုပ်တို့သည်လည်းထာဝရဘုရားအား ပူဇော်သကာဆက်သခြင်းမပြုလုပ်နိုင်ပြီလော'' ဟုမေးလျှောက်ကြ၏။
8 ထိုအခါမောရှေက``ထာဝရဘုရားသည် ငါ့အားမည်သို့ညွှန်ကြားတော်မူမည်ကိုစောင့်ဆိုင်းကြလော့'' ဟုဆို၏။
9-10 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသရေလအမျိုးသားတို့အား``ယခုဖြစ်စေ၊ နောင်အခါဖြစ်စေ ဣသရေလအမျိုးသားတို့တွင်တစ်စုံတစ်ယောက်သည် ပသခါပွဲခံချိန်၌လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်သူသည်လည်းကောင်း၊ ရပ်ဝေးသို့ခရီးလွန်နေသူသည်လည်းကောင်းပသခါပွဲခံလိုသော်၊-
11 တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။-
12 နောက်တစ်နေ့နံနက်သို့တိုင်အောင်အစားအစာကိုမကျန်ကြွင်းစေရ။ သိုးကောင်၏အရိုးကိုမကျိုးစေရ။ ပြဋ္ဌာန်းချက်များအတိုင်းပသခါပွဲခံရမည်။-