1 ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။
2 ဤနောက်ဆုံးသောနေ့ရက်များတွင် ငါတို့ကို သားတော်အားဖြင့် စကားပြောတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အား အရာခပ်သိမ်းကို အမွေဆက်ခံသူအဖြစ်ခန့်ထား၍ လောကဓာတ်တို့ကိုလည်း သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။
3 သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
4 သားတော်သည် ကောင်းကင်တမန်တို့၏ဘွဲ့နာမထက် ထူးမြတ်သောဘွဲ့နာမကို ဆက်ခံရရှိသည်နှင့်အမျှ သူတို့ထက် ကြီးမြတ်သောအရှင်ဖြစ်တော်မူ၏။
5 အကြောင်းမူကား ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ”ဟူ၍လည်းကောင်း၊ “ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်ရလိမ့်မည်”ဟူ၍လည်းကောင်း မိန့်တော်မူခဲ့ဖူးသနည်း။
6 တစ်ဖန် သားဦးကို ဤကမ္ဘာလောကထဲသို့ ခေါ်ဆောင်လာသောအခါ “ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့သည် ထိုအရှင်ကို ရှိခိုးရမည်”ဟု မိန့်တော်မူပြီး