3 သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
4 သားတော်သည် ကောင်းကင်တမန်တို့၏ဘွဲ့နာမထက် ထူးမြတ်သောဘွဲ့နာမကို ဆက်ခံရရှိသည်နှင့်အမျှ သူတို့ထက် ကြီးမြတ်သောအရှင်ဖြစ်တော်မူ၏။
5 အကြောင်းမူကား ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ”ဟူ၍လည်းကောင်း၊ “ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်ရလိမ့်မည်”ဟူ၍လည်းကောင်း မိန့်တော်မူခဲ့ဖူးသနည်း။
6 တစ်ဖန် သားဦးကို ဤကမ္ဘာလောကထဲသို့ ခေါ်ဆောင်လာသောအခါ “ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့သည် ထိုအရှင်ကို ရှိခိုးရမည်”ဟု မိန့်တော်မူပြီး
7 ကောင်းကင်တမန်များနှင့်ပတ်သက်၍ “ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိ၏အမှုကိုထမ်းဆောင်သူတို့အား မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏”ဟု မိန့်တော်မူ၏။
8 သို့သော် သားတော်နှင့်ပတ်သက်၍မူကား “အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် ကမ္ဘာအဆက်ဆက်တည်၍ ဖြောင့်မှန်သောအုပ်ချုပ်မှုသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုဖြစ်ပါ၏။
9 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူ၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။”