1 ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ဆက်၍တည်ကြလော့။
2 ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
3 အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။
4 မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
5 အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။
6 ထို့ကြောင့် “ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောအရှင်ဖြစ်၍ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း”ဟု ငါတို့သည် ယုံကြည်စိတ်ချစွာပြောဆိုရကြ၏။
7 ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။