23 ထိုပြည်အလယ်၌ ရှောက်သွားရသောအခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အားမပေး။ မိမိလူအပေါင်းတို့ကိုစုဝေးစေ၍၊ ဣသရေလအမျိုးသားတို့ကိုဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။
24 ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ထားနှင့်လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်းတိုင်အောင်၎င်း၊ အမ္မုန်အမျိုးသားနေရာတိုင်အောင်၎င်း၊ ထိုမင်းပိုင်သောမြေကိုသိမ်းယူကြ၏။ အမ္မုန်အမျိုးသားနေရာနယ်စပ်ကား အားကြီး၏။
25 ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန်မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှတို့ကိုသိမ်းယူ၍နေကြ၏။
26 ဟေရှဘုန်မြို့ကား၊ မောဘပြည်ကိုအစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင်အောင် ပြည်ကိုလုယူသောအာမောရိရှင်ဘုရင်ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။
27 ထိုအကြောင်းကိုရည်ဆောင်၍ လင်္ကာဆရာတို့က၊ ဟေရှဘုန်မြို့သို့သွား၍ တဖန်တည်ကြစို့။ ရှိဟုန်ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။
28 ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှမီးလျှံထွက်၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသောမင်းတို့ကို လောင်လေပြီ။
29 အိုမောဘပြည်၊ သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေးရသောမိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန်လက်သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည်အခွင့်ပေးပြီတကား။