တော​လည် 15 BJB

1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊

2 သင်တို့နေရာဖြစ်သော ငါပေးသောပြည်သို့ ရောက်၍နေကြသောအခါ

3 သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလိုပူဇော်သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ကိုပြုခြင်းငှါအလိုရှိလျှင်၊

4 ထာဝရဘုရားအား ပူဇော်သက္ကာကိုပြုသောသူသည်၊ သိုးသငယ်ကိုပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊

5 ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ဆောင်ခဲ့ရမည်။

6 သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊

7 ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေးလောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။

8 ထာဝရဘုရားအားမီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကိုပြင်ဆင်လျှင်၊

9 မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊

10 နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်းလောင်းရာပူဇော်သက္ကာဘို့ စပျစ်ရည်ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။

11 နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။

12 ပြင်ဆင်သော သိုးနွားအရေအတွက်သို့လိုက်၍၊ တကောင်ကောင်ကို ထိုသို့ပြုရမည်။

13 ပြည်သားအပေါင်းတို့သည် မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။

14 သင်တို့တွင် တည်းခိုသောတပါးအမျိုးသားဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလိုရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်းပြုရမည်။

15 ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသောထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည်ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။

16 သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင်တည်းခိုသော တပါးအမျိုးသားတို့သည် တပါးတည်းသောတရား၊ တပါးတည်းသောထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။

17 တဖန်မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

18 ငါပို့ဆောင်သောပြည်သို့ သင်တို့သည်ရောက်၍၊

19 ထိုပြည်၌ဖြစ်သော မုန့်ကိုစားကြသောအခါ၊ ထာဝရဘုရားအားချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရမည်။

20 အဦးနယ်သောမုန့်စိမ်းဖြင့် လုပ်သောမုန့်ပြားကို ချီမြှောက်ရာပူဇော်သက္ကာပြု၍ ကောက်နယ်တလင်းထဲကချီမြှောက်ရာ ပူဇော်သက္ကာကိုပြုသကဲ့သို့ ချီမြှောက်ရမည်။

21 သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ်သောမုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ထာဝရဘုရားအားဆက်ရကြမည်။

22 ထာဝရဘုရားသည် မောရှေကိုမှာထားသောနေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသောပညတ်၊

23 သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့သော ပညတ်အလုံးစုံတို့ကို သင်တို့သည်မစောင့်၊ မှားယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊

24 ပရိသတ်အပေါင်းတို့သည် မသိဘဲသတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သောထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသောနွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာယဇ်ကို၎င်း ပူဇော်ရကြမည်။

25 ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကိုပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သောအပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသောပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရကြမည်။

26 ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည်ပြစ်မှားသော်လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလအမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခိုသောတပါးအမျိုးသားကို၎င်း ထိုအပြစ်မှလွှတ်ရလိမ့်မည်။

27 လူတစုံတယောက်သည် သတိလစ်၍ပြစ်မှားလျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မတကောင်ကို ဆောင်ခဲ့ရမည်။

28 ထာဝရဘုရားရှေ့တော်၌သတိလစ်၍ ပြစ်မှားမိသောထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကိုပြုရသဖြင့် ထိုအပြစ်ကိုလွှတ်ရလိမ့်မည်။

29 ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ပြစ်မှားသောအခါ၊ တပါးတည်းသော တရားကိုစောင့်ရကြမည်။

30 ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေရာသို့ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်း ရမည်။

31 ထာဝရဘုရား၏စကားတော်ကိုမထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်းပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ၏။

32 ဣသရေလအမျိုးသားတို့သည် တော၌ရှိကြသောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူတယောက်ကို တွေ့လေ၏။

33 တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ရှေ့သို့ ခေါ်ခဲ့ကြ၏။

34 သူ၏အမှုကိုစီရင်ရာလမ်းမထင်ရှားသေးသောကြောင့် ချုပ်ထားကြ၏။

35 ထာဝရဘုရားကလည်း၊ ထိုသူသည်အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည်တပ်ပြင်မှာ သူ့ကိုကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အားမိန့်တော်မူ၍၊

36 ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ကြသဖြင့် သူသည်အသေခံရ၏။

37 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

38 သူတို့အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဘို့ပန်းပွားတို့ကို လုပ်၍၊ ပြာသောကြိုးနှင့် ချည်တွဲရကြမည်။

39 ထိုပန်းပွားတို့ကို သင်တို့သည်ကြည့်မြင်သောအခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက်မေ့၍ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့လိုက်လျက်၊ ကိုယ်ဉာဏ်ကိုမှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်မမှီဝဲ၊

40 ငါပညတ်သမျှတို့ကို အောက်မေ့၍ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ပြုရမည်။

41 ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36