တော​လည် 26 BJB

1 ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊

2 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့အား မိန့်တော်မူသည်အတိုင်း၊

3 သူတို့သည် မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌၊

4 အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရမည်အကြောင်း ဆင့်ဆိုကြ၏။

5 အဲဂုတ္တုပြည်မှထွက်လာသော ဣသရေလအမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သားဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေအမျိုး၊ ဖာလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊

6 ဟေဇရုံမှဆင်းသက်သော ဟေဇရောနိအဆွေအမျိုး၊ ကာမိမှဆင်းသက်သော ကာမိတ်အဆွေအမျိုးတည်း။

7 ဤသူတို့သည်ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းသုံးထောင်ခုနစ်ရာသုံးဆယ်ရှိသတည်း။

8 ဖာလု၏သားဧလျာဘ၊ ဧလျာဘ၏သားနေမွေလ၊ ဒါသန်၊ အဘိရံတည်း။

9 ဤဒါသန်၊ အဘိရံတို့သည်အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက်ပြုသောအခါ၊ ပရိသတ်၌ကျော်စော၍ မောရှေနှင့် အာရုန်ကိုဆန့်ကျင်ဘက်ပြုသော ဒါသန်၊ အဘိရံဖြစ်ကြ၏။

10 မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍သူတို့ကို၎င်း၊ ကောရကို၎င်းမျိုသဖြင့်၊ ထိုအပေါင်းအသင်းဝင်သူတို့သည် သေကြ၏။ မီးသည်လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည်သတိပေးသော သက်သေဖြစ်သတည်း။

11 သို့ရာတွင် ကောရ၏သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။

12 ဘိုးဘအဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေအမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိ အဆွေအမျိုး၊ ယာခိန်မှဆင်းသက်သော ယာခိနိအဆွေအမျိုး၊

13 ဇေရမှဆင်းသက်သောဇေရဟိအဆွေအမျိုး၊ ရှောလမှဆင်းသက်သော ရှောလိ အဆွေအမျိုးတည်း။

14 ဤသူတို့သည် ရှိမောင်အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိသတည်း။

15 ဘိုးဘအဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူကား၊ ဇေဖုန်မှဆင်းသက်သော ဇေဖောနိအဆွေအမျိုး၊ ဟဂ္ဂိမှဆင်းသက်သော ဟဂ္ဂိတ်အဆွေအမျိုး၊ ရှုနိမှ ဆင်းသက်သောရှုနိတ်အဆွေအမျိုး၊

16 ဩဇနိမှဆင်းသက်သော ဩဇနိတ်အဆွေအမျိုး၊ ဧရိမှဆင်းသက်သော ဧရိတ်အဆွေအမျိုး၊

17 အာရုဒ်မှဆင်းသက်သော အာရောဒိအဆွေအမျိုး၊ အရေလိမှဆင်းသက်သော အရေလိတ်အဆွေအမျိုးတည်း။

18 ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးရာရှိသတည်း။

19 ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသောဧရနှင့် ဩနန်အစရှိသော၊

20 ဘိုးဘအဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက်သော ရှေလနိအဆွေအမျိုး၊ ဖာရဇ်မှဆင်းသက်သော ဖာရဇိအဆွေအမျိုး၊ ဇေရမှဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။

21 ဖာရဇ်၏သား၊ ဟေဇရုံမှဆင်းသက်သော ဟေဇေရောနိအဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိအဆွေအမျိုးတည်း။

22 ဤသူတို့သည်ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင်ငါးရာ ရှိသတည်း။

23 ဘိုးဘအဆွေအမျိုးအလိုက် ဣသခါ၏သားဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေအမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး၊

24 ယာရှုပ်မှဆင်းသက်သော ယာရှုဘိအဆွေအမျိုး၊ ရှိမရုန်မှဆင်းသက်သော ရှိမရောနိအဆွေအမျိုးတည်း။

25 ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခြောက်သောင်းလေးထောင်သုံးရာရှိသတည်း။

26 ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သားဟူမူကား၊ သရက်မှ ဆင်းသက်သောသရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိအဆွေအမျိုး၊ ယာလေလမှဆင်းသက်သော ယာလေလိအဆွေအမျိုးတည်း။

27 ဤသူတို့သည် ဇာဗုလုန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခြောက်သောင်းငါးရာရှိသတည်း။

28 ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သားမနာရှေနှင့် ဧဖရိမ်တို့တွင်

29 မနာရှေ၏သားဟူမူကား၊ မာခိရမှဆင်းသက်သော မာခိရိ အဆွေအမျိုး၊

30 ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိအဆွေအမျိုး၊

31 အသရေလမှဆင်းသက်သော အာသရေလိအဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိအဆွေအမျိုး၊

32 ရှမိဒမှဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖာမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။

33 ဟေဖာ၏သားဇလောဖဒ်၌ကား၊ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ ဇလောဖဒ်၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။

34 ဤသူတို့သည် မနာရှေအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းနှစ်ထောင်ခုနစ်ရာရှိသတည်း။

35 ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သားဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိအဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။

36 ရှုသေလ၏သားဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။

37 ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ သုံးသောင်းနှစ်ထောင်ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သားစဉ်မြေးဆက်ဖြစ်သတည်း။

38 ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သားဟူမူကား၊ ဗေလမှ ဆင်းသက်သောဗေလိအဆွေအမျိုး၊ အာရှဗေလမှဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရမိအဆွေအမျိုး။

39 ရှုဖံမှဆင်းသက်သော ရှုဖမိအဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။

40 ဗေလသားအာရဒမှဆင်းသက်သော အာရဒိအဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိအဆွေအမျိုးတည်း။

41 ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား လေးသောင်းငါးထောင်ခြောက်ရာရှိသတည်း။

42 ဘိုးဘအဆွေအမျိုးအလိုက် ဒန်၏သားဟူမူကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုးဖြစ်၍၊

43 စာရင်းဝင်သောရှုလမိလူပေါင်းကား၊ ခြောက်သောင်းလေးထောင်လေးရာ ရှိသတည်း။

44 ဘိုးဘအဆွေအမျိုးအလိုက် အာရှာ၏သားဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိအဆွေအမျိုး၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ်အဆွေအမျိုးတည်း။

45 ဗေရိ၏သားဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေအမျိုး၊ မာလချေလမှ ဆင်းသက်သော မာလချေလိအဆွေအမျိုးတည်း။

46 အာရှာ၏သမီးအမည်ကား၊ စာရာတည်း။

47 ဤသူတို့သည်အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းသုံးထောင်လေးရာရှိသတည်း။

48 ဘိုးဘအဆွေအမျိုးအလိုက် နဿလိ၏သားဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေအမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊

49 ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုးတည်း။

50 ဤသူတို့သည် နဿလိအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးထောင်လေးရာရှိသတည်း။

51 ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ်ရှိသတည်း။

52 ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေအတွက်ရှိသည်အတိုင်း၊

53 ခါနန်ပြည်ကိုဝေရမည်။

54 လူများလျှင်များသောအမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော အမွေမြေကို၎င်း၊ အနည်းအများအလိုက်အသီးသီးတို့အား အမွေမြေကိုဝေပေးရမည်။

55 သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ဝေရမည်။ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။

56 စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်းအများအလိုက် ပိုင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။

57 ဘိုးဘအဆွေအမျိုးအလိုက် စာရင်းဝင်သောလေဝိ၏သားဟူမူကား၊ ဂေရရှုန်မှ ဆင်းသက်သောဂေရရှောနိအဆွေအမျိုး၊ ကောဟတ်မှဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှဆင်းသက်သော မေရောရိတ်အဆွေအမျိုးတည်း။

58 ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏သားကား၊ အာမရံတည်း။

59 အာမရံ၏မယားကား၊ အဲဂုတ္တုပြည်၌ လေဝိမယားဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကိုဘွားမြင်လေ၏။

60 အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

61 နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါသေကြ၏။

62 အသက်တလလွန်၍ စာရင်းဝင်သော လေဝိသားယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင်ရှိသတည်း။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍စာရင်းမဝင်ရကြ။

63 ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။

64 မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကိုစာရင်းယူ၍၊ ထိုစာရင်း၌ဝင်သောသူ တယောက်မျှမပါ။

65 အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန်သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သားယောရှုမှတပါး၊ အရင်လူတယောက်မျှ မကြွင်းမကျန်ရ။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36