တော​လည် 10 BJB

1 တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား

2 သင်သည်ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကိုချီစေခြင်းငှါ၎င်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံးကို၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။

3 တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌စည်းဝေးရကြမည်။

4 တံပိုးတလုံးတည်းကိုမှုတ်လျှင်၊ ဣသရေလအမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌စည်းဝေးရကြမည်။

5 နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့သည် ချီသွားရကြမည်။

6 ဒုတိယအကြိမ်နှိုးဆော်သံနှင့်မှုတ်သောအခါ၊ တောင်တပ်တို့သည် ချီသွားရကြမည်။ တတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည်ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ၊ မြောက်တပ်တို့သည်ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းဌာ နှိုးဆောင်သံနှင့်မှုတ်ရမည်။

7 ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြုဘဲ တံပိုးမှုတ်ရမည်။

8 အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်း။

9 သင်တို့သည်ကိုယ်ပြည်၌ နေသောအခါ၊ တိုက်လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုးမှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့၍၊ ရန်သူလက်မှကယ်တင်တော်မူမည်။

10 သင်တို့သည် ရွှင်လန်းခြင်းကိုပြုသောနေ့၊ ပွဲသဘင်နေ့၊ လဆန်းနေ့တို့၌ သင်တို့ဘုရားသခင်အောက်မေ့တော်မူဘို့ရာ၊ သင်တို့မီးရှို့ရာယဇ်၊ မိဿဟာယဇ် ပူဇော်သက္ကာများ၊ အပေါ်မှာတံပိုးမှုတ်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

11 ဒုတိယနှစ်၊ ဒုတိယလအရက်နှစ်ဆယ်မြောက်သောနေ့ရက်၌၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော်မှ ကွာမြောက်သည်ဖြစ်၍၊

12 ဣသရေလအမျိုးသားတို့သည် သိနာတောင်မှခရီးသွားကြ၏။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော၌ တည်နေ၏။

13 ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ပဌမခရီးသွားခြင်းကို ပြုကြ၏။

14 ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန်အုပ်ရ၏။

15 ဣသခါတပ်ကို၊ ဇုအာသားနာသနေလအုပ်၏။

16 ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘအုပ်ရ၏။

17 တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသားတို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။

18 ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသားဧလိဇုရအုပ်ရ၏။

19 ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ်ရ၏။

20 ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ၏။

21 ကောဟတ်သားတို့သည် သန့်ရှင်းရာဌာနတန်ဆာတို့ကိုထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသောသူတို့သည် တဲတော်ကို ထူထောင် ရကြ၏။

22 ဧဖရိမ်တပ်အစဉ်အတိုင်းအလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ်သားဧလိရှမာအုပ်ရ၏။

23 မနာရှေတပ်ကို ပေဒါဇုရသားဂါမလျေလအုပ်ရ၏။

24 ဗင်္ယာမိန်တပ်ကို ဂိဒေါနိသားအဘိဒန်အုပ်ရ၏။

25 နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသားအဟေဇာအုပ်ရ၏။

26 အာရှာတပ်ကို ဩကရန်သားပါဂျေလအုပ်ရ၏။

27 နဿလိတပ်ကို ဧနန်သားအဟိရအုပ်ရ၏။

28 ထိုသို့ဣသရေလအမျိုးသားတို့သည် ချီသွားေသာအခါ တပ်များအစဉ်အတိုင်းချီ၍ ခရီးသွားကြ၏။

29 မောရှေကလည်း၊ ထာဝရဘုရားသည်ဂတိတော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့သည်ယခုခရီးသွားကြ၏။ ငါတို့နှင့် အတူလိုက်၍လာပါ။ ငါတို့သည်ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည်ဂတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊

30 ဟောဗပ်ကငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာသို့ ပြန်သွားပါမည်ဟု မောရှေအားဆို၏။

31 မောရှေကလည်း၊ ငါတို့ကိုစွန့်ပစ်၍မသွားပါနှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ်ရပါ၏။

32 ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကို ငါတို့သည်ခံရသည်အတိုင်း သင့်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။

33 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။

34 သူတို့သည် နေ့အချိန်၌ တပ်ချီ၍ သွားသောအခါ၊ ထာဝရဘုရား၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာရှိလေ၏။

35 သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရားထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့သည် ရှေ့တော်မှပြေးကြပါစေသောဟူ၍၎င်း၊

36 သေတ္တာတော်မသွားဘဲရပ်နေသောအခါ၊ အမျိုးသားအထောင်၊ အသောင်းရှိရာသို့ ပြန်လာတော်မူပါဟူ၍၎င်း လျှောက်ဆိုလေ့ရှိ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36