တော​လည် 25 BJB

1 ဣသရေလအမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ၏။

2 ထိုမိန်းမတို့သည် မိမိတို့ဘုရားရှေ့မှာ ယဇ်ပူဇော်ရာပွဲသို့ ဣသရေလလူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့သည် ယဇ်သားကိုစား၍ ထိုဘုရားရှေ့မှာဦးချကြ၏။

3 ထိုသို့ဣသရေလအမျိုးသားတို့သည်၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရားသည် အမျက်ထွက်တော်မူ၏။

4 ထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှလွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကိုခေါ်၍၊ ပြစ်မှားသော သူတို့ကို ဘုရားရှေ့မှာထင်ရှားစွာဆွဲထားလော့ဟု မောရှေအားမိန့်တော်မူ၏။

5 မောရှေသည် ဣသရလမင်းတို့ကိုခေါ်၍၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောသူတို့ကို သင်တို့အသီးသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။

6 ထိုအခါ ဣသရေလအမျိုးသားတယောက်သည်၊ မောရှေရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။

7 ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာထ၍ လှံကိုကိုင်လျက်၊

8 ထိုဣသရေလလူကို တဲအတွင်းသို့လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမကိုဝမ်းပေါက်အောင်၎င်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။

9 ထိုဘေးဖြင့်သေသောလူပေါင်းကား၊ နှစ်သောင်းလေးထောင်ရှိသတည်း။

10 ထာဝရဘုရားကလည်း၊ ငါသည်အမျက်ထွက်၍ ဣသရေလအမျိုးသားတို့ကို မဖျက်ဆီးမည်အကြောင်း၊

11 ယဇ်ပုရောဟိတ်အာရုန်၏သား၊ ဧလာဇာ၏သား၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌စိတ်အားကြီး၍ ငါ့အမျက်ကိုသူတို့မှလွှဲပြီ။

12 သို့ဖြစ်၍သင်ပြောရသည်ကား၊ ငါ၏ချမ်းသာပဋိညာဉ်ကို သူ့အားငါပေး၏။

13 သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး၍ ဣသရေလအမျိုးသားတို့အဘို့ အပြစ်ဖြေခြင်းကိုပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကိုရပြီဟု မောရှေအားမိန့်တော်မူ၏။

14 မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏အမည်ကား၊ ရှိမောင်အမျိုး၌ထင်ရှားသောအဆွေအမျိုးတွင် အကဲအမှူးသာလု၏သား ဇိမရိဖြစ်သတည်း။

15 အသေသတ်ခြင်းကိုခံရသော မိဒျန်မိန်းမအမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသောအဆွေအမျိုးတွင် အကဲအမှူးဇုရ၏သမီးကောဇဘိဖြစ်သတည်း။

16 ထာဝရဘုရားကလည်း၊ မိဒျန်အမျိုးသားတို့ကို နှောင့်ရှက်၍လုပ်ကြံကြလော့။

17-18 အကြောင်းမူကား၊ သူတို့သည် ပေဂုရဘုရားအမှု၌၎င်း၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကိုခံရသော သူတို့နှမ မိဒျန်မင်းသမီးကောဇဘိအမှု၌၎င်း၊ သင်တို့ကိုပရိယာယ်များအားဖြင့် လှည့်စားနှောင့်ရှက်ကြပြီဟု မောရှေအားမိန့်တော်မူ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36