တော​လည် 36 BJB

1 ယောသပ်အမျိုးဖြစ်သောမနာရှေနှင့် မာခိရတို့မှဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီးတို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့လာ၍၊

2 အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေးစေခြင်းငှါ၎င်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏အမွေမြေကို သူ၏သမီးတို့အားပေးစေခြင်းငှါ၎င်း၊ ထာဝရဘုရားအမိန့်တော်ရှိပါ၏။

3 ထိုမိန်းမတို့သည်မိမိအမျိုးမှတပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့မိဘအစဉ်အဆက်အမွေမှနှုတ်၍ သူတို့ ဝင်သောအမျိုး၏ အမွေထဲ၌ပါသွားသဖြင့်၊ အကျွန်ုပ်တို့အမွေမြေသည် လျော့ပါလိမ့်မည်။

4 ဣသရေလအမျိုးသားတို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက်အမွေမှ အစဉ်နှုတ်လျက်ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။

5 ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေသည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။

6 ဇလောဖဒ်သမီးတို့၏အမှု၌ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက်အမျိုးသားမှတပါး၊ အခြားသူနှင့် စုံဘက်ခြင်းကိုမပြုစေနှင့်။

7 ဣသရေလအမျိုးသားတို့၏အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက်အမွေမြေ၌ ေနရကြမည်။

8 ဣသရေလအမျိုးတစုံတမျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစားရကြမည်။

9 အမွေမြေသည် တမျိုးမှတမျိုးသို့မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေကြရမည်ဟု မိန့်တော်မူ၏။

10 ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဇလောဖဒ်၏ သမီးမလာ၊

11 တိရဇာ၊ စောဂလာ၊ မိလကာ၊ နောအာတို့သည်ပြု၍၊ ဘကြီးသား၊ ဘထွေးသားတို့နှင့် စုံဘက်ကြ၏။

12 ထိုသို့ယောသပ်တွင်မြင်သော မနာရှေသားအဆွေအမျိုး၌ စုံဘက်ခြင်းအမှုကို ပြု၍၊ သူတို့အမွေမြေသည် သူတို့မိစဉ်ဘဆက်အမျိုး တည်နေ၏။

13 ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေအားဖြင့် ဣသရေလအမျိုးသားတို့အားထားတော်မူသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။ရှင်မောရှေစီရင်ရေးထားသော တောလည်ရာကျမ်းပြီး၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36