1 တဖန် ဣသရေလအမျိုးသားတို့သည်ခရီးသွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ တဲဆောက်ကြ၏။
2 အာမောရိအမျိုးသားတို့၌ပြုကြသော အမှုအလုံးစုံကို၊ ဇိဖော်သားဗာလက်မင်းသိမြင်လျှင်၊
3 ဣသရေလအမျိုးသားတို့သည် များပြားသောကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြ၍၊
4 နွားသည် မြက်ပင်ကိုလှမ်း၍စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ ရှိသမျှကိုလှမ်း၍စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အားဆိုကြ၏။ ထိုအခါ ဇိဖော်သားဗာလက်သည်၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့်၊
5 အမ္မုန်ပြည်၌စီးသောမြစ်၏အနားမှာရှိသော ပေသော်မြို့နေဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှါ၊ သံတမန်တို့ကိုစေလွှတ်၍၊ အဲဂုတ္တုပြည်မှရောက်လာသော လူတမျိုးသည် မြေမျက်နှာကိုဖုံးလွှမ်းလျက် ငါ့အနား၌နေရာချကြပြီ။
6 သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက်အားကြီးသောကြောင့် သူတို့ကို ငါ့အဘို့ကျိန်ဆဲပါ။ သို့ပြုလျှင် သူတို့ကိုငါတိုက်၍ ငါ့ပြည်မှနှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းကြီးပေးသောသူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို၎င်း၊ ကိုယ်တော်ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူဖြစ်သည်ကို၎င်း ငါသိသည်ဟုမှာလိုက်လေ၏။
7 မောဘပြည်သားအသက်ကြီးသူတို့နှင့် မိဒျန် ပြည်သားအသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင်ပါလျက်သွား၍၊ ဗာလမ်ထံသို့ရောက်သောအခါ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ၏။
8 ဗာလမ်က၊ ယနေ့ညမှာဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟုဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာနေကြ၏။
9 ဘုရားသခင်သည် ဗာလမ်ရှိရာသို့လာ၍၊ သင်၌ရှိသော ဤလူတို့သည် အဘယ်သူနည်းဟုမေးတော်မူလျှင်၊
10 ဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖေါ်သားဗာလက်သည် အကျွန်ုပ်ဆီသို့လူကိုစေလွှတ်၍၊
11 အဲဂုတ္တုပြည်မှ ရောက်လာသောလူအများသည်၊ မြေမျက်နှာကို ဖုံးလွှမ်းလျက်နေကြပြီ။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကိုငါ့အဘို့ကျိန်ဆဲပါ။ သို့ပြုလျှင်၊ သူတို့ကိုငါတိုက်၍ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့်မည်ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အားလျှောက်ဆို၏။
12 ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့်အတူ မလိုက်မသွားရ။ ထိုလူမျိုးကိုမကျိန်ဆဲရ။ ကောင်းကြီးမင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ်အားမိန့်တော်မူ၏။
13 နံနက်ရောက်မှ၊ ဗာလမ်သည်ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သောအရာရှိတို့အား ပြန်ပြော လေ၏။
14 ထိုအခါမောဘပြည်အရာရှိတို့သည် ဗာလက်မင်းထံသို့ ပြန်သွား၍၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူမလိုက်လိုပါဟု လျှောက်ကြ၏။
15 တဖန်ဗာလက်မင်းသည်၊ အရင်ထက် အရေအတွက်အားဖြင့်များ၍ အရာအားဖြင့် ဘုန်းကြီးသောမှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း၊
16 သူတို့သည် ဗာလမ်ထံသို့ရောက်လာ၍ ဇိဖော်သားဗာလက်မင်းက၊ ကိုယ်တော်သည် ငါ့ထံသို့မလာမည်အကြောင်း အဘယ်အဆီးအတားမျှမရှိပါစေနှင့်။
17 ငါသည် ကိုယ်တော်ကိုအလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။
18 ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ်တစုံတခုကိုမျှ ငါမပြုနိုင်။
19 သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ထပ်၍မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။
20 ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင်၊ သူတို့နှင့်အတူ ထ၍လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှအတိုင်းသာပြုရမည်ဟု မိန့်တော်မူ၏။
21 နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူလိုက်လေ၏။
22 ထိုသို့လိုက်သောကြောင့်၊ ဘုရားသခင်အမျက်တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကိုဆီးတားခြင်းငှါ လမ်း၌ရပ်နေ၏။ ထိုအခါ ဗာလမ်သည် မြည်းကိုစီး၍ ငယ်သားနှစ်ယောက်နှင့်သွားစဉ်တွင်၊
23 ထာဝရဘုရား၏ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည်မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ဝင်လေ၏။ ဗာလမ်လည်း မြည်းကိုလမ်းသို့ပြန်စေခြင်းငှါ ရိုက်လေ၏။
24 ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တဖန်ရပ်နေ၏။
25 ထာဝရဘုရား၏ကောင်းကင်တမန်ကို မြည်းသည်မြင်ပြန်သောအခါ၊ စောင်ရန်းတဘက်၌တိုး၍ ဗာလမ်၏ခြေကိုဖိလေ၏။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ၏။
26 ထာဝရဘုရား၏ကောင်းကင်တမန်သည် လွန်သွား၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်းမြောင်းသောအရပ်၌ ရပ်နေ၏။
27 မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက်နေ၏။ ဗာလမ်သည်အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ၏။
28 ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကိုသုံးကြိမ်တိုင်အောင် ရိုက်ရမည်အကြောင်း၊ ငါသည်သင်၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊
29 ဗာလမ်က၊ သင်သည် ငါ့ကိုကျီစားပါသည်တကား။ ငါ၌ထားရှိပါစေသော။ ထားရှိလျှင် သင့်ကိုယခုသတ်မည်ဟု မြည်းအားဆို၏။
30 မြည်းကလည်း၊ ငါသည်ယနေ့တိုင်အောင် သင်၏အစီးကို အစဉ်ခံရသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ သင်၌တခါမျှ ဤသို့ငါပြုဘူးသလောဟု ဗာလမ် အားမေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။
31 ထိုအခါထာဝရဘုရားသည် ဗာလမ်မျက်စိကိုဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ၍ပြပ်ဝပ်လေ၏။
32 ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သင်၏မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့်ရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်၊ သင့်ကိုဆီးတားခြင်းငှါ ငါထွက်လာပြီ။
33 မြည်းသည်ငါ့ကိုမြင်၍ သုံးကြိမ်ရှောင်ခဲ့ပြီ။ ထိုသို့မရှောင်လျှင်၊ အကယ်စင်စစ် သင့်ကိုငါသတ်၍ မြည်းကိုအသက်ချမ်းသာပေးလေပြီဟု ဆို၏။
34 ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် လမ်း၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ်မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါမည်ဟု ထာဝရဘုရား၏ကောင်းကင်တမန်အားဆိုလျှင်၊
35 ထာဝရဘုရား၏ကောင်းကင်တမန်က၊ သူတို့နှင့် အတူလိုက်လော့။ သို့ရာတွင် ငါမှာထားသောစကားကိုသာ ဟောပြောရမည်ဟု ဗာလမ်အားမိန့်တော်မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။
36 ဗာလမ်ရောက်သောသိတင်းကို ဗာလက်မင်းကြားလျှင်၊ ခရီးဦးကြိုပြုခြင်းငှါ၊ မောဘပြည်စွန်အာနုန်ချောင်းနားမှာရှိသော မြို့တမြို့သို့ထွက်သွား၏။
37 ဗာလက်မင်းကလည်း၊ ကိုယ်တော်ကိုခေါ်ပင့်စေခြင်းငှါ ငါသည် အထပ်ထပ် စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့်နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည်မဟုတ်လောဟု ဗာလမ်အားဆိုလျှင်၊
38 ဗာလမ်က၊ မင်းကြီးထံသို့ငါလာပါပြီ။ သို့ရာတွင် ငါသည်စကားတခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင်ထားတော်မူသောစကားကိုသာ ငါပြောပါ မည်ဟု ပြန်ပြောပြီးမှ၊
39 ဗာလက်မင်းနှင့်အတူလိုက်၍ ကိရယဿုဇုတ်မြို့သို့ ရောက်ကြ၏။
40 ဗာလက်မင်းသည်လည်း၊ သိုးနွားတို့ကိုပူဇော်၍ ဗာလမ်နှင့် အရာရှိတို့အား ပေးလိုက်လေ၏။
41 နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကိုခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ပို့ဆောင်လေ၏။