17 ငါသည် ကိုယ်တော်ကိုအလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။
18 ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ်တစုံတခုကိုမျှ ငါမပြုနိုင်။
19 သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ထပ်၍မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။
20 ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင်၊ သူတို့နှင့်အတူ ထ၍လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှအတိုင်းသာပြုရမည်ဟု မိန့်တော်မူ၏။
21 နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူလိုက်လေ၏။
22 ထိုသို့လိုက်သောကြောင့်၊ ဘုရားသခင်အမျက်တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကိုဆီးတားခြင်းငှါ လမ်း၌ရပ်နေ၏။ ထိုအခါ ဗာလမ်သည် မြည်းကိုစီး၍ ငယ်သားနှစ်ယောက်နှင့်သွားစဉ်တွင်၊
23 ထာဝရဘုရား၏ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည်မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ဝင်လေ၏။ ဗာလမ်လည်း မြည်းကိုလမ်းသို့ပြန်စေခြင်းငှါ ရိုက်လေ၏။