2 အာမောရိအမျိုးသားတို့၌ပြုကြသော အမှုအလုံးစုံကို၊ ဇိဖော်သားဗာလက်မင်းသိမြင်လျှင်၊
3 ဣသရေလအမျိုးသားတို့သည် များပြားသောကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြ၍၊
4 နွားသည် မြက်ပင်ကိုလှမ်း၍စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ ရှိသမျှကိုလှမ်း၍စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အားဆိုကြ၏။ ထိုအခါ ဇိဖော်သားဗာလက်သည်၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့်၊
5 အမ္မုန်ပြည်၌စီးသောမြစ်၏အနားမှာရှိသော ပေသော်မြို့နေဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှါ၊ သံတမန်တို့ကိုစေလွှတ်၍၊ အဲဂုတ္တုပြည်မှရောက်လာသော လူတမျိုးသည် မြေမျက်နှာကိုဖုံးလွှမ်းလျက် ငါ့အနား၌နေရာချကြပြီ။
6 သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက်အားကြီးသောကြောင့် သူတို့ကို ငါ့အဘို့ကျိန်ဆဲပါ။ သို့ပြုလျှင် သူတို့ကိုငါတိုက်၍ ငါ့ပြည်မှနှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းကြီးပေးသောသူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို၎င်း၊ ကိုယ်တော်ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူဖြစ်သည်ကို၎င်း ငါသိသည်ဟုမှာလိုက်လေ၏။
7 မောဘပြည်သားအသက်ကြီးသူတို့နှင့် မိဒျန် ပြည်သားအသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင်ပါလျက်သွား၍၊ ဗာလမ်ထံသို့ရောက်သောအခါ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ၏။
8 ဗာလမ်က၊ ယနေ့ညမှာဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟုဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာနေကြ၏။