4 ငါသည်လည်း၊ ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်းအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။
5 ထိုလူတို့ထွက်ပြေးကြောင်းကို၊ အဲဂုတ္တုရှင်ဘုရင်အားကြားရှောက်သဖြင့်၊ သူမှစ၍ ကျွန်များတို့သည် မနာလိုသောစိတ်ဖောက်ပြန်လျှင်၊ ငါတို့သည် ဤသို့ပြု၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့်လွှတ်ရသနည်းဟု ပြောဆိုကြ၏။
6 ထိုအခါ ဖာရောဘုရင်သည်၊ ရထားတော်ကိုပြင်၍၊ မိမိလူအပေါင်းတို့ကို ခေါ်လေ၏။
7 ရွေးသောရထားခြောက်ရာ၊ အဲဂုတ္တုမြင်းစီးသူရဲအပေါင်းနှင့်တကွ၊ ဗိုလ်မင်းအသီးအသီးတို့ကို ခေါ်ယူလေ၏။
8 ထာဝရဘုရားသည်၊ ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကိုလိုက်လေ၏။ သို့သော်လည်း၊ ဣသရေလလူတို့သည် ဝါကြွားသောအခြင်းအရာနှင့် ထွက်သွားကြ၏။
9 ထိုသို့ ဖာရောဘုရင်၏မြင်းတော်၊ ရထားတော်၊ မြင်းစီးသူရဲဗိုလ်ပါ၊ အဲဂုတ္တုလူအပေါင်းတို့သည်လိုက်၍ ပိဟဟိရုတ်မြို့နား၊ ဗာလဇေဖုန်မြို့ရှေ့၌ ပင်လယ်ကမ်းနားမှာတပ်ချလျက်နေသော ဣသရေလလူတို့ကို မှီကြ၏။
10 ဖာရောဘုရင်သည်ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသားတို့သည် မြော်ကြည့်၍၊ အဲဂုတ္တုလူတို့စစ်ချီလာကြောင်းကိုမြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအားအော်ဟစ်ကြ၏။