1 ထာဝရဘုရားကလည်း၊ ငါသည်ဖာရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည်ကြီးစွာသောတန်ခိုးကိုတွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကိုတွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
2 တဖန်ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။
3 ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်၊ ဘုရားသခင်နာမနှင့် ထင်ရှားသော်လည်း၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကိုမသိကြ။
4 သူတို့သည်အရပ်ရပ်လည်၍၊ ဧည့်သည်နေရာပြည်၊ ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှါ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ။
5 အဲဂုတ္တုလူတို့သည်အစေကျွန်ခံစေသော ဣသရေလအမျိုးသားတို့၏ ညဉ်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။
6 ထိုကြောင့် ဣသရေလအမျိုးသားတို့အားပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရားဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲကနှုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကိုငါရွေးမည်။
7 ငါ၏လူမျိုးဖြစ်စေခြင်းငှါ၊ သင်တို့ကိုငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။
8 ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ငါပို့ဆောင်၍၊ အမွေခံစရာဘို့ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏ဟုမိန့်တော်မူ၏။
9 ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း၍ ကြမ်းတမ်းစွာ ညှဉ်းဆဲခြင်းကိုခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။
10 ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းထံသို့ဝင်၍၊
11 သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
12 မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲနေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကိုမခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
13 သို့ရာတွင် မောရှေနှင့်အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည်အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံသို့၎င်း စေခိုင်းမှာထားတော်မူ၏။
14 ဣသရေလအဆွေအမျိုးသူကြီးတို့၏အမည်ဟူမူကား၊ ဣသရေလသားဦးရုဗင်၏သားကား၊ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။
15 ရှိမောင်၏သားကား၊ ယမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုးသမီးမိန်းမ၏သား ရှောလတည်း။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ်၏။
16 လေဝိသားအဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။
17 ဂေရရှုံသားအဆွေအမျိုးအလိုက်ဟူမူကား၊ လိဗနိနှင့် ရှိမိတည်း။
18 ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တရာသုံးဆယ်သုံးနှစ်ရှိသတည်း။
19 မေရာရိသားကား၊ မဟာလိနှင့်မုရှိတည်း။ ဤသူတို့သည် လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း။
20 အာမရံသည် မိမိအရီးယောခေဗက်နှင့်စုံဘက်၍၊ သူသည် အာရုန်နှင့်မောရှေကို၎င်း၊ သူတို့အစ်မမိရိအံကို၎င်းဘွားလေ၏။ အာမရံအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။
21 ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။
22 ဩဇေလသားကား၊ မိရှေလ၊ ဧလဇာဖန်၊ သိသရိတည်း။
23 အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမဧလိရှဘနှင့်စုံဘက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဘွားလေ၏။
24 ကောရသားကား၊ အဿိရ၊ ဧလကာန၊ အဗျာသပ်တည်း။ ဤသူတို့သည် ကောရအဆွေအမျိုးဖြစ်သတည်း။
25 အာရုန်သားဧလဇာသည် ပုတျေလသမီးတယောက်နှင့်စုံဘက်၍၊ သူသည် ဖိနဟတ်ကိုဘွားလေ၏။ ဤသူတို့သည်လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီးဖြစ်ကြသတည်း။
26 ထာဝရဘုရားက ဣသရေလအမျိုးသားဗိုလ်ပါတို့ကို အဂုတ္တုပြည်မှ နှုတ်ဆောင်လော့ဟု မိန့်တော်မူသောစကားကို ခံသောသူ၊
27 ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ခြင်းငှါ၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့် မောရှေ ဖြစ်သတည်း။
28 အဲဂုတ္တုပြည်မှာထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊
29 ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအားပြန်ပြောရမည်ဟု မောရှအား ထာဝရဘုရားမိန့်တော်မူ၏။
30 မောရှေကလည်း၊ အကျွန်ုပ်သည်အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍၊ ဖာရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာလျှောက်ဆို၏။