ထွက်​မြောက် 22 BJB

1 လူသည် သိုးနွားကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတကောင်အတွက် နွားငါးကောင်ကို၎င်း၊ သိုးတကောင်အတွက် သိုးလေးကောင်ကို၎င်း ပြန်ပေးရမည်။

2 သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတပါးတွေ့၍ သေအောင်သတ်သော်လည်း၊ သေစားမသေစေရ။

3 သို့သော်လည်း နေထွက်လျှင်သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။

4 သူခိုးလက်၌ခိုးသောနွား၊ သိုးကိုအသက်ရှင်လျက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။

5 သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကိုစားစေသော်၎င်း၊ မိမိတိရစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။

6 မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်းရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကိုလောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။

7 လူတဦးသည်အိမ်နီးချင်းတဦး၌ ရွှေငွေအစရှိသော ဥစ္စတစုံတခုကိုအပ်နှံ၍၊ အပ်နှံခံသောသူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကိုတွေ့မိသောအခါ နှစ်ဆလျော်စေ။

8 သူခိုးကိုမတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့်ရှေ့တော်၌ အစစ်ခံရမည်။

9 သူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစရှိသော ပျောက်သော ဥစ္စာတစုံတခုကိုတွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်ဟု တစုံတယောက်ဆိုလျှင်၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော်၌အစစ်ခံရ၍၊ တရားရှုံးသောသူသည်နှစ်ဆလျော်ရမည်။

10 လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန်သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊

11 အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာအကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်းမလျော်ရ။

12 သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အားပြန်ပေးရမည်။

13 သားရဲကိုက်လျှင် သက်သေဘို့အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။

14 လူသည်အိမ်နီးချင်း၌ တစုံတခုကိုငှါး၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ အမှန်လျော်ရမည်။

15 ဥစ္စာရှင်ပါလျှင်၊ ငှါးသောသူသည်မလျော်ရ။ အခနှင့် ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာတောင်းရမည်။

16 မပေးစားလိုသောအပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍သင့်နေလျှင်၊ ကန်တော့ဥစ္စာကိုပေး၍ ထိုမိန်းမကို မယားအရာ၌မြှောက်ထားရမည်။

17 မိန်းမ၏အဘ သဘောမတူမပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။

18 စုန်းမကိုအသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။

19 တိရစ္ဆာန်နှင့်သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

20 ထာဝရဘုရားမှတပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။

21 တပြည်တနိုင်ငံသားဖြစ်သောဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်ကြဘူးပြီ။

22 မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကိုသင်တို့သည် မနှောင့်ရှက်ရ။

23 နှောင့်ရှက်ခြင်းတစုံတခုကိုပြု၍ သူတို့သည် ငါ့အားအနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကိုအမှန်ကြား၍၊

24 ငါအမျက်ပြင်းစွာထွက်လျက် သင်တို့ကို ထားဘေးဖြင့်ကွပ်မျက်မည်။ သင်တို့မယားများသည်လည်းမုတ်ဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။

25 ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည်ငွေကိုချေးလျှင်၊ အတိုးစားသောသူကဲ့သို့ သူ၌မပြု၊ အတိုးကိုမတောင်းရ။

26 အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ပေါင်ထားလျှင်၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည်။

27 အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဘို့ဖြစ်၏။ သူသည် အဘယ်သို့အိပ်နိုင်သနည်း။ ငါ့အားအော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသောသဘောရှိ၏။

28 ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။

29 အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသောသားယောက်ျားကိုလည်း ငါ့အားဆက်ကပ်ရမည်။

30 ထိုနည်းတူ သိုးနွားတို့ကိုပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူနေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အားဆက်ကပ်ရမည်။

31 သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အား ပစ်ပေးရမည်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40