ထွက်​မြောက် 11 BJB

1 ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကိုလွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကိုတပြိုင်နက်နှင်လိမ့်မည်။

2 ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်းယောက်ျား၌၎င်း၊ မိန်းမသည် အိမ်နီးချင်းမိန်းမ၌၎င်း၊ ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူများတို့အားပြောလော့ဟု မောရှေအားမိန့်တော်မူ၏။

3 သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည်ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေတော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ကျွန်များ၊ လူများရှေ့၌ကြီးစွာသောအသရေရှိလေ၏။

4 ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ငါထွက်သွားမည်။

5 နန်းထိုင်သော ဖာရောဘုရင်၏သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။

6 အဲဂုတ္တုပြည်တရှောက်လုံးတွင်၊ ရှေးကာလ၌မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတံ့သောကြီးစွာသော ငိုကြွေးခြင်းဖြစ်ရလိမ့်မည်။

7 သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူတစုံတယောက်ကို ခွေးတကောင်မျှမဟိန်းရဟု မိန့်တော်မူ၏။

8 ကိုယ်တော်၏ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း ကျွန်ုပ်ထံသို့လာ၍ ပြပ်ဝပ်လျက် ထွက်သွားပါ။ ကိုယ်တော်နှင့် ကိုယ်တော်နောက်၌လိုက်သော လူအပေါင်းတို့ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့်၊ အမျက်ထွက်၍ ဖာရောဘုရင်ထံမှထွက်သွားလေ၏။

9 ထာဝရဘုရားကလည်း၊ အံ့ဘွယ်သောအမှုတော်တို့သည် အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရောဘုရင်သည် သင်တို့၏စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

10 မောရှေနှင့်အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကိုပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲနေသတည်း။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40