ထွက်​မြောက် 2 BJB

1 ထိုကာလ၌လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊

2 မိန်းမသည်ပဋိသန္ဓေယူသဖြင့် သားယောက်ျားကိုဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကိုအမိမြင်လျှင်၊ သုံးလပတ်လုံးဖွက်ထားလေ၏။

3 နောက်တဖန်ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေးဖြင့်လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။

4 သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကိုသိမြင်ခြင်းငှါ အဝေး၌ ရပ်နေလေ၏။

5 ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှါဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌လှည့်လည်စဉ်၊ ကိုင်းတော၌ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကိုစေလွှတ်လေ၏။

6 ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊

7 သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လောဟု ဖာရောဘုရင်၏သမီးတော်အား မေးလျှောက်၍၊

8 မင်းသမီးကသွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။

9 ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဘို့ထိန်းလော။ အခကို ငါပေးမည်ဟုမှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကိုယူသွား၍ ထိန်းလေ၏။

10 သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ခန့်ထားလျက်၊ မောရှအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း။

11 မောရှေသည်ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့သွား၍ သူတို့အမှုထမ်းရသောအခြင်းအရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊

12 ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကိုသိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြှုပ်ထားလေ၏။

13 နက်ဖြန်နေ့၌ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကိုမြင်လျှင်၊ သင်သည်သင်၏အပေါင်းအဘော်ကို အဘယ်ကြောင့်ရိုက်သနည်းဟု ညှဉ်းဆဲသောသူအားမေးသည်ရှိသော်၊

14 ထိုသူက၊ အဘယ်သူသည်သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ခန့်ထားသနည်း။ အဲဂုတ္တုလူကိုသတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟုပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှုထင်ရှားပြီဟု သိ၍ကြောက်လေ၏။

15 ထိုသိတင်းကို ဖာရောဘုရင်ကြားသောအခါ၊ မောရှေကိုသတ်ခြင်းငှါ ရှာကြံလေ၏။ မောရှေသည် ဖာရောဘုရင်ထံမှထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာထိုင်၍နားနေလေ၏။

16 ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏သမီး ညီအစ်မခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ၍ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌လောင်းကြ၏။

17 သိုးထိန်းအချို့တို့လည်းလာ၍ သိုးဆိတ်များကိုမောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကိုရေတိုက်လေ၏။

18 ထိုမိန်းမတို့သည် အဘရွေလထံသို့ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန်ရောက်လာရကြသနည်းဟု မေးလေ၏။

19 သူတို့ကလည်း၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကိုသိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေလိုသမျှကိုခပ်သဖြင့်၊ သိုးဆိတ်များကိုရေတိုက်ပါသည်ဟု ပြန်ပြော၏။

20 အဘကလည်း၊ ထိုသူသည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာစားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။

21 မောရှေသည် ထိုသူထံမှာနေ၍ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။

22 ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည်တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။

23 ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့အစေကျွန်ခံ၍ ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့ တက်ရောက်လေ၏။

24 သူတို့ ညည်းတွားမြည်တမ်းခြင်းအသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။

25 ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကိုကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40