ထွက်​မြောက် 31 BJB

1 တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊

2 နားထောင်လော့၊ ငါသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့်ခန့်ထား၏။

3 သူသည် ရွှေငွေကြေးဝါကိုလုပ်သောအတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊

4 သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊

5 ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကိုငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။

6 သူနှင့်အတူ ဒန်အမျိုးသားအဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အားမှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကိုငါသွင်းထားပြီ။

7 ထိုသူတို့သည် ပရိသတ်စည်းဝေးရာတဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာတင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကို၎င်း၊

8 စားပွဲနှင့် စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သောမီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊

9 မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို၎င်း၊

10 အမှုတော်ကိုထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကိုဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားဝတ်ဘို့သန့်ရှင်းသောအဝတ်ကို၎င်း၊

11 လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌သုံးဘို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်းလုပ်ရကြမည်ဟု မိန့်တော်မူ၏။

12 တဖန်ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

13 ငါသည် သင်တို့ကိုသန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့် သင်တို့၏သားစဉ်မြေးဆက်စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကိုစင်စစ်စောင့်ရကြမည်။

14 ဥပုသ်နေ့သည် သင်တို့အားသန့်ရှင်းသောကြောင့် ထိုနေ့ကိုစောင့်ရကြမည်။ ဥပုသ်နေ့ကိုဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်။

15 ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသောဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည်သည်ကား၊ ဧကန်အမှန်အသေခံရမည်။

16 သို့ဖြစ်၍ ဣသရေလအမျိုးသားအစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက်အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။

17 ထိုသို့စောင့်လျှင်၊ ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့်မြေကြီးကို၊ ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်အားဖြည့်တော်မူသည်ဟု မောရှေအားမိန့်တော်မူ၏။

18 ထိုသို့ ဘုရားသခင်သည်သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကိုပေးတော်မူ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40