1 ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလအမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ်ဟူမူကား၊
2 ဟေဗြဲအမျိုးဖြစ်သောကျွန်ကိုဝယ်လျှင်၊ ခြောက်နှစ်သာအစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက်သော်၊ ကိုယ်ဘိုးကို မတောင်းဘဲလွှတ်ရမည်။
3 ကျွန်ခံစကတယောက်တည်းခံလျှင်၊ တယောက်တည်းထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွထွက်စေရမည်။
4 သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကိုဘွားမြင်လျှင်၊ မယားနှင့် သားသမီးတို့ကိုသခင်ပိုင်ရမည်။ ကျွန်မူကား၊ တယောက်တည်းထွက်ရမည်။
5 သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါဟု အတည့်အလင်းပြောဆိုလျှင်၊
6 သခင်သည်ဘုရားသခင်ရှေ့တော်သို့၎င်း၊ အိမ်တံခါးတိုင်သို့၎င်းဆောင်ယူ၍၊ နားရွက်ကို စူးဖြင့်ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲကျွန်ခံရမည်။
7 အဘသည် သမီးကိုကျွန်ခံစေခြင်းငှာရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည်မဟုတ်။
8 သခင်သည် ထိုမိန်းမကို သိမ်းယူ၍မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကိုလှည့်ဖြားမိသောကြောင့်၊ တပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။
9 မိမိသား၌ပေးစားလျှင်မူကား၊ သမီးကဲ့သို့ပြုစုရမည်။
10 အခြားမိန်းမကိုသိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏အဝတ်အစားနှင့် မယားဝတ်ကိုမလျှော့ရ။
11 ထိုသုံးပါးကိုမပြုလျှင်၊ ကိုယ်ဘိုးကို မတောင်းဘဲလွှတ်ရမည်။
12 လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
13 အသေသတ်မည်အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင်၊ ပြေးရသောအရပ်ကို ငါခန့်ထားမည်။
14 အိမ်နီးချင်းကိုသတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍သတ်ရမည်။
15 မိဘကိုအသေသတ်သောသူသည်၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။
16 လူကိုခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။
17 မိဘကိုကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
18 လူချင်းခိုက်ရန်ပြု၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည်မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်၎င်း၊
19 တဖန်ထ၍တောင်ဝေးနှင့်သွားလျှင်၎င်း၊ ရိုက်သောသူကိုအပြစ်လွှတ်ရမည်။ သို့ရာတွင် နာသောသူသည်အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက်၊ ငွေကိုလျော်ရမည်။
20 သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကိုဒုတ်နှင့်ရိုက်၍ ထိုကျွန်သေလျှင်၊ သခင်သည် လေးသောဒဏ်ကိုခံရမည်။
21 သို့ရာတွင် ကျွန်သည်တရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကိုပိုင်သောကြောင့် ဒဏ်နှင့်လွတ်ရမည်။
22 လူချင်းခိုက်ရန်ပြုကြ၍၊ ကိုယ်ဝန်ဆောင်သောမိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသောအနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကိုလျော်ရမည်။
23 အခြားသောအနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊
24 မျက်စိအတွက်မျက်စိကို၎င်း၊ သွားအတွက်သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက်ခြေကို၎င်း၊
25 မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်းခံရမည်။
26 သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏မျက်စိကိုပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက်လွှတ်ရမည်။
27 ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ၏သွားကိုကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက်လွှတ်ရမည်။
28 နွားသည် လူယောက်ျားမိန်းမကိုခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ်၍သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။
29 ၎င်းနည်းနွားသည် အထက်ကခွေ့ဘူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင်အလွတ်ထား၍၊ နွားသည် ယောက်ျားမိန်းမကိုသတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကိုလည်း အသေသတ်ရမည်။
30 သို့မဟုတ် ငွေလျော်စေဟုစီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဘိုးကိုလျော်ရမည်။
31 သူတပါး၏သားသမီးကိုခွေ့လျှင်၊ စီရင်သည်အတိုင်းခံရမည်။
32 ကျွန်ယောက်ျားကျွန်မိန်းမကို ခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကိုလျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့်ပစ်သတ်ရမည်။
33 လူသည် တွင်းကိုဖွင့်၍ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊
34 တွင်းရှင်သည် မြင်း၊ နွားအဘိုးကိုလျော်၍ အသေကောင်ကိုယူရမည်။
35 အကြင်သူ၏နွားသည်၊ သူတပါး၏နွားကို အသေခွေ့လျှင်၊နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကိုရောင်း၍ အဘိုးကိုဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။
36 ၎င်းနည်းနွားသည် အထက်ကခွေ့ဘူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ်ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတကောင်အတွက် တကောင်ကိုအမှန်လျော်ရမည်။