23 သင်တို့ အမျိုးသားယောက်ျားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည်။
24 တပါးအမျိုးသားများကို သင်တို့ရှေ့ကငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါ ကျယ်စေမည်။ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တနှစ်တွင် သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှမတပ်မက်ရ။
25 ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့်ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင်မကြွင်းစေရ။
26 သင်၏မြေ၌အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင်၏ ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ထဲသို့ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
27 ဤစကားများကိုရေးထားလော့။ ဤစကားများလာသည်အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအားမိန့်တော်မူ၏။
28 ထိုအရပ်မှာ မောရှေသည် အစာကိုမစား၊ ရေကိုမသောက်ဘဲ၊ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားအထံတော်၌နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော်မူ၏။
29 မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေထွန်းပကြောင်းကို မိမိမသိ။