တော​လည် 13:22-28 BJB

22 တောင်မျက်နှာ၌ရှောက်သွား၍ အာနကအမျိုးသားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့မတည်မှီ ခုနစ်နှစ်ကတည်သောမြို့ဖြစ်သတည်း။

23 ဧရှကောလချိုင့်သို့ရောက်လျှင် အသီးတပြွတ်ပါသောစပျစ်နွယ်ပင် အခက်တခက်ကိုခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။

24 ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီးပြွတ်ကိုထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသောအမည်ဖြင့် မှည့်သတည်း။

25 အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်းသောအမှုပြီး၍ ပြန်လာကြ၏။

26 မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌သီးသောအသီးကို ပြကြ၏။

27 မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ်ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသောအသီးဖြစ်ပါ၏။

28 သို့ရာတွင် ပြည်သူပြည်သားတို့သည်အားကြီးပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်းမြင်ရပါ၏။