တော​လည် 18:4-10 BJB

4 သူတို့သည် သင်တို့နှင့်အတူကူညီ၍၊ ပရိသတ်စည်းဝေးရာတဲတော်ကို စောင့်လျက်၊ တဲတော်အမှုရှိသမျှကိုထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့ အနီးသို့မချဉ်းမကပ်ရ။

5 နောက်တဖန်အမျက်တော်ထွက်၍ ဣသရေလအမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့သည်သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြမည်။

6 ထိုသို့ သင်တို့၏ညီအစ်ကိုလေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရဘုရားအား ပြုသောပူဇော်သက္ကာကဲ့သို့ သင်တို့အားငါပေး၏။

7 ထိုကြောင့် သင်နှင့် သင်၏သားတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင်ရွက်စရာအမှုရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင် ရွက်ရကြမည်။ သင်တို့အားကျေးဇူးပြု၍ ယဇ်ပုရောဟိတ်အရာကိုငါပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။

8 တဖန်ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည်သန့်ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက၊ ငါ့အားချီးမြှောက်သောပူဇော်သက္ကာတို့ကို သင်၌အပ်၍၊ သင်နှင့် သင်၏သားတို့အဘို့ဖြစ်စေခြင်းငှါ၊ ထာဝရပညတ်တရားအားဖြင့် ငါပေး၏။

9 မီးသို့မရောက်၊ သန့်ရှင်းသောအရာထဲက သင်တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသားလှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ပူဇော်လေသမျှတို့သည် သင်နှင့် သင်၏သားတို့အဘို့ သန့်ရှင်းရကြမည်။

10 သန့်ရှင်းရာဌာန၌စားရမည်။ ယောက်ျားအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ သင်တို့အဘို့သန့်ရှင်းပေ၏။