တော​လည် 21:1-7 BJB

1 ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့်လာကြသည်သိတင်းကို တောင်မျက်နှာ၌နေသော ခါနာန်အမျိုးအာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကိုဘမ်းဆီးသိမ်းသွားလေ၏။

2 ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည်ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ၏။

3 ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏စကားကိုနားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည်ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာအမည်ဖြင့်သမုတ်ကြ၏။

4 ဟောရတောင်မှထွက်၍ ဧဒုံပြည်ကိုဝိုင်းခြင်းငှါ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊

5 သင်သည်ငါတို့ကို ဤတော၌သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည်အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကိုဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။

6 ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့်သေကြ၏။

7 ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကိုဆန့်ကျင်လျက် ပြောဆို၍ပြစ်မှားပါပြီ။ ထာဝရဘုရားသည်မြွေများကို အကျွန်ုပ်တို့မှပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျှင်၊ မောရှေသည်လူများအဘို့ ဆုတောင်းလေ၏။