တော​လည် 23:17-23 BJB

17 ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟုမေးလေ၏။

18 ထိုအခါဗာလမ်သည်၊ ပရောဖက်စကားအားဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖော်သားဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။

19 ဘုရားသခင်သည် မုသာစကားကိုပြောအံ့သောငှါလူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါလူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော။

20 ကောင်းကြီးပေးရမည်အကြောင်း၊ အမိန့်တော်ကိုငါခံရပြီ။ ဘုရားသခင် ကောင်းကြီးပေးတော်မူပြီ။ ထိုကောင်းကြီးကိုငါမဖျက်နိုင်။

21 ယာကုပ်အမျိုးကိုညှဉ်းဆဲသောအမှု၊ ဣသရေလအမျိုးတဘက်၌ပြုသော နှောင့်ရှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု၍နေတော်မမူ။ သူတို့ဘုရားသခင် ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင်ကြားရ၏။

22 ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အားကြီးသကဲ့သို့အားကြီး၏။

23 အကယ်စင်စစ်ယာကုပ်အမျိုးကို၊ ထူးဆန်းသောအတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှမပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ ပြုတော်မူပြီတကားဟု ယခုကာလကိုထောက်၍ ယာကုပ်အမျိုး၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိလိမ့်မည်။