တော​လည် 23:3-9 BJB

3 ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်လော့။ ငါသည် အခြားတပါးသို့သွားပါမည်။ ထာဝရဘုရားသည် ငါ့ကိုကြိုဆိုခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့အားပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအားဆိုပြီးမှ ကုန်းတခုပေါ်သို့တက်သွား၏။

4 ဘုရားသခင်သည် ဗာလမ်ကိုကြိုဆိုတော်မူလျှင်၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကိုပြင်ဆင်၍ ပလ္လင်တခုတခုအပေါ်မှာ နွားထီးတကောင်စီနှင့် သိုးထီးတကောင်စီကိုပူဇော်ပါပြီဟု လျှောက်လေ၏။

5 ထာဝရဘုရားသည် ဗာလမ်နှုတ်၌စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊

6 ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်နေ၏။

7 ထိုအခါဗာလမ်သည်၊ ပရောဖက်စကားအားဖြင့်မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင်ဗာလက်က၊ လာပါ။ ငါ့အဘို့ယာကုပ်အမျိုးကိုကျိန်ဆဲပါ။ လာပါ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့အပ်လိုက်ပါဟုခေါ်၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှဆောင်ခဲ့ပြီ။

8 ဘုရားသခင်ကျိန်ဆဲတော်မမူသောသူကို အဘယ်သို့ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည်ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။

9 ကျောက်ပေါ်က သူ့ကိုငါမြင်၏။ တောင်ပေါ်က သူ့ကိုငါကြည့်ရှု၏။ ထိုလူမျိုးသည်တမျိုးတည်းနေ၍ အခြားတပါးသောလူမျိုးတို့နှင့် မရောနှောရ။