6 ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်နေ၏။
7 ထိုအခါဗာလမ်သည်၊ ပရောဖက်စကားအားဖြင့်မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင်ဗာလက်က၊ လာပါ။ ငါ့အဘို့ယာကုပ်အမျိုးကိုကျိန်ဆဲပါ။ လာပါ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့အပ်လိုက်ပါဟုခေါ်၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှဆောင်ခဲ့ပြီ။
8 ဘုရားသခင်ကျိန်ဆဲတော်မမူသောသူကို အဘယ်သို့ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည်ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။
9 ကျောက်ပေါ်က သူ့ကိုငါမြင်၏။ တောင်ပေါ်က သူ့ကိုငါကြည့်ရှု၏။ ထိုလူမျိုးသည်တမျိုးတည်းနေ၍ အခြားတပါးသောလူမျိုးတို့နှင့် မရောနှောရ။
10 ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက်နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစုကိုမျှ အဘယ်သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ဖြစ်ပါစေသောဟု မြွက်ဆို၏။
11 ဗာလက်မင်းကလည်း၊ သင်သည် ငါ၌အဘယ်သို့ပြုသနည်း။ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကိုငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင်၊
12 ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရသလောဟုပြန်ဆို၏။