10 ထိုအခါဗာလက်မင်းသည်၊ ဗာလမ်ကိုအမျက်ထွက်၍ လက်ခုပ်တီးလျက်၊ ငါ၏ ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကိုငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင်အောင် အကြွင်းမဲ့ကောင်းကြီးပေးလေပြီတကား။
11 ထိုကြောင့် သင့်နေရာပြည်သို့ပြေးသွားလော့။ သင့်ကိုချီးမြှောက်မည်ဟု အထက်ကငါအကြံရှိ။ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘုန်းကိုမတိုးပွားစေ ခြင်းငှါဆီးတားလေပြီဟု ဆို၏။
12 ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊
13 ထာဝရဘုရား၏ပညတ်တော်ကိုလွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစုံတခုကို ကိုယ်အလိုအလျောက်ငါမပြုနိုင်။ ထာဝရဘုရားမိန့်တော်မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီမဟုတ်လော။
14 ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ငါသွားတော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည်မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီး အားကြားပြောပါမည်ဟု ဗာလက်မင်းအားပြန်ဆိုပြီးမှ၊
15 ပရောဖက်စကားအားဖြင့်မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊
16 ဘဝင်ဖြစ်၍မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ အမြင့်ဆုံးသောဘုရားပေးတော်မူသော ဉာဏ်ကိုရ၍၊ ဘုရားသခင်၏အမိန့်တော်ကို ကြားသောသူ၏စကားဟူမူကား၊