တော​လည် 32:10-12-18 BJB

10-12 ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက်လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ငါကျိန်ဆို၍ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုးယေဖုန္နာ၏သားကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံးမလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှမမြင်ရ။ ထိုသူနှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြပြီဟု ကျိန်ဆိုတော်မူ၏။

13 ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုကိုပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက်ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌လှည့်လည်စေတော်မူ၏။

14 ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကိုသာ၍ ပြင်းစွာအမျက်တော်ထွက်စေမည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့သည် သင်တို့အဘများကိုယ်စားပေါ်ထကြပြီတကား။

15 သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွားကြလျှင်၊ တဖန် ဣသရေလအမျိုးသားတို့ကို တော၌စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့အား ပြန်ပြော၏။

16 ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌သိုးခြံတို့ကို၎င်း၊ ကျွန်တော်တို့ သူငယ်များအဘို့ မြို့တို့ကို၎င်း တည်ပါမည်။

17 သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင်၊ ကျွန်တော်တို့သည်လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသောလူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌နေရပါမည်။

18 ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့မပြန်မလာပါ။