တော​လည် 8:19-25-26 BJB

19 သူတို့သည်လည်း ပရိသတ်စည်းဝေးရာတဲတော်၌၊ ဣသရေလအမျိုးသားဆောင်ရွက်ရသောအမှုကို ဆောင်ရွက်စေခြင်းငှါ၎င်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့် လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာ၎င်း၊ ဣသရေလအမျိုးထဲက လေဝိသားတို့ကို အာရုန်နှင့် သူ၏သားတို့အားစွန့်ကြဲပေးကမ်း သည်ဟု၊

20 လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် လေဝိသားတို့ကို ပြုကြလျှင်၊

21 သူတို့သည်စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရဘုရားအားဆက်ကပ်၍ သူတို့အဘို့ အပြစ်ဖြေခြင်းကိုပြုသဖြင့် စင်ကြယ်စေလေ၏။

22 ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်ခြင်းငှါ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။

23 တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

24 လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ်လွန်မှ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်ခြင်းငှါ ဝင်ရကြမည်။

25-26 အသက်ငါးဆယ်လွန်မှအမှုလွတ်၍ နောက်တဖန်မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာတဲတော်၌ မိမိညီအစ်ကိုတို့နှင်အတူကူညီ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့ လေဝိသားများစောင့်ရသောအမှုကိုစီရင်ရမည်ဟု မိန့်တော်မူ၏။