17 အိုထာဝရဘုရား၊ အမွေခံတော်မူရာတောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူသောအရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အိုထာဝရဘုရား၊ လက်တော်နှင့်တည်တော်မူသော သန့်ရှင်းရာဌာနတော်၌နေရာချတော်မူလိမ့်မည်။
18 ထာဝရဘုရားသည် ကာလအစဉ်အမြဲစိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။
19 အကြောင်းမူကား၊ ဖာရောဘုရင်၏မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်၍၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကိုလွှမ်းမိုးစေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွားကြ၏။
20 အာရုန်၏အစ်မဖြစ်သော ပရောဖက်မမိရိအံသည် ပတ်သာကိုကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက်လိုက်သွားကြ၏။
21 မိရိအံကလည်း၊ ထာဝရဘုရားသည်ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အားသီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့လှဲချတော်မူပြီဟု သူတို့နှင့်အသံပြိုင်၍ဆိုလေ၏။
22 ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကိုမတွေ့မရကြ။
23 မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကိုမာရဟုသမုတ်ကြသတည်း။