1 တဖန် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်တောသို့ရောက်ကြ၏။
2 ထိုတော၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊
3 ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သောအိုးကင်းနားမှာထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏လက်တော်ဖြင့်သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကိုငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။
4 ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တနေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်းကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကိုငါစုံစမ်းမည်။
5 နေ့တိုင်းသိမ်းယူသောအရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ပြင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။