ထွက်​မြောက် 19:13-19 BJB

13 ထိုသူကိုလက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရကြမည်ဟု မောရှေအား မိန့်တော်မူ၏။

14 မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကိုလျှော်ကြ၏။

15 မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အားဆိုလေ၏။

16 သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာမိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည်တုန်လှုပ်ကြ၏။

17 မောရှေသည်လည်း ဘုရားသခင်နှင့်တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည်တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။

18 ထာဝရဘုရားသည်မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့တက်၍ တတောင်လုံးပြင်းစွာလှုပ်လေ၏။

19 တံပိုးမြည်သံသည်ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည်ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့်ထူးတော်မူ၏။