6 ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊
7 သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လောဟု ဖာရောဘုရင်၏သမီးတော်အား မေးလျှောက်၍၊
8 မင်းသမီးကသွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။
9 ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဘို့ထိန်းလော။ အခကို ငါပေးမည်ဟုမှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကိုယူသွား၍ ထိန်းလေ၏။
10 သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ခန့်ထားလျက်၊ မောရှအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း။
11 မောရှေသည်ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့သွား၍ သူတို့အမှုထမ်းရသောအခြင်းအရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊
12 ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကိုသိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြှုပ်ထားလေ၏။