ထွက်​မြောက် 20:7-13 BJB

7 သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကိုမုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။

8 ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။

9 ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။

10 သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည်အလုပ်မလုပ်ရ။

11 အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့်ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍သန့်ရှင်းစေတော်မူ၏။

12 သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်၏အသက်တာရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။

13 လူအသက်ကိုမသတ်နှင့်။