15 ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်ကထွက်လာသတည်း။ ထိုပွဲကိုခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
16 လယ်လုပ်၍ အသီးအနှံကိုသိမ်းစရှိသည်ကာလ၊ သိမ်းပွဲကို၎င်း၊ လယ်လုပ်၍ အသီးအနှံကိုသိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်းခံရမည်။
17 သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ မျက်နှာပြရကြမည်။
18 ငါ့ယဇ်ကောင်၏အသွေးကို၊ တဆေးပါသောမုန့်နှင့်ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင်ဆီဥကို နံနက်တိုင်အောင်မကြွင်းစေရ။
19 သင်၏မြေ၌ အဦးသီးသောအသီးအနှံအကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
20 ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကိုစောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ငါစေလွှတ်၏။
21 ထိုတမန်ကိုရိုသေစွာပြုလော့။ စကားတော်ကိုနားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည်မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။