ထွက်​မြောက် 23:6-12 BJB

6 သင်၌ ဆင်းရဲသောသူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။

7 မဟုတ်မမှန်သော အမှုကိုရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကိုမကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည်မတရားသောသူကို အပြစ်မလွှတ်။

8 သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကိုကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏စကားကို လွဲစေတတ်၏။

9 တကျွန်းတနိုင်ငံသားဖြစ်သောဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ဘူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။

10 ခြောက်နှစ်ပတ်လုံးလယ်လုပ်၍ အသီးကိုသိမ်းရမည်။

11 သတ္တမနှစ်တွင် လယ်ကိုမလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့်ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်းပြုရမည်။

12 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွားမြည်းတို့သည် ငြိမ်ဝပ်စွာနေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရကြလိမ့်မည်။