1 မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တောနောက်ဘက်သို့ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ရောက်လေ၏။
2 ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည်ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲရှိသည်ကို မြင်လျှင်၊
3 အဘယ်ကြောင့်ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ကြည့်ရှုမည်ဟုဆို၏။
4 မောရှေသွား၍ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲကခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။
5 ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကိုချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေဖြစ်သည်ဟူ၍၎င်း၊
6 ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍၎င်း မိန့်တော်မူ၏။ မောရှသည် ဘုရားသခင်ကိုမကြည့်ဝံ့၊ မိမိမျက်နှာကိုဖုံးလျက်နေ၏။
7 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသောငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။