ထွက်​မြောက် 3:11-17 BJB

11 မောရှေကလည်း၊ အကျွန်ုပ်သည်အဘယ်သို့သောသူဖြစ်၍၊ ဖာရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အားလျှောက်လျှင်၊

12 ဘုရားသခင်က၊ အကယ်စင်စစ်ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်းလက္ခဏာသက်သေဟူမူကား၊ သင်သည်ထိုလူတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။

13 မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ၏။

14 ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်းငါဖြစ်၏ဟူ၍၎င်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အားပြန်ပြောလော့ဟူ၍၎င်း၊ မောရှေအားမိန့်တော်မူ၏။

15 တဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသောထာဝရဘုရားသည်၊ ငါ့ကို သင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏။

16 သွား၍ ဣသရေလအမျိုးအသက်ကြီးသူတို့ကိုစုဝေးစေပြီးလျှင်၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော်မူလျက်၊ အကယ်စင်စစ် သင်တို့ကိုငါအကြည့်အရှုလာ၍၊ အဲဂုတ္တုပြည်၌ သင်တို့အားပြုသောအမှုကို ငါမြင်ပြီ။

17 အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကိုငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါဂတိရှိသည်ဟုမိန့်တော်မူပြီဟု သူတို့အားပြောလော့။