ထွက်​မြောက် 3:17-22 BJB

17 အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကိုငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါဂတိရှိသည်ဟုမိန့်တော်မူပြီဟု သူတို့အားပြောလော့။

18 သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ တောသို့ သုံးရက်ခရီးသွားရသောအခွင့်ကို ပေးတော်မူပါဟုလျှောက်ရမည်။

19 အဲဂုတ္တုရှင်ဘုရင်သည်ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင်၊ သွားရသော အခွင့်ကို သင်တို့အားမပေးကြောင်းကို ငါသိ၏။

20 ငါသည်လည်းလက်ကိုဆန်၍၊ အဲဂုတ္တုပြည်ထဲ၌ ငါပြုလတံ့သော ငါ၏အံ့ဘွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင်တို့ကိုလွှတ်လိမ့်မည်။

21 ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ၌ မျက်နှာရသောအခွင့်ကိုငါပေး၍၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်းမသွားရကြ။

22 အကြောင်းမူကား၊ မိန်းမတိုင်းမိမိအိမ်နီးချင်း၊ မိမိအိမ်မှာတည်းသောသူ၌ ငွေတန်ဆာ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကိုတောင်း၍၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့်၊ အဲဂုတ္တုလူတို့၏ဥစ္စာကိုလုယူကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။