5 အကြောင်းမူကား၊ ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် လည်ပင်းခိုင်မာသောအမျိုးဖြစ်ကြ၏။ သင်တို့အလယ်၌ ချက်ချင်းငါပေါ်လာ၍ ဖျက်ဆီးမည်။ ထို့ကြောင့် သင်တို့၌ အဘယ်သို့ ငါပြုရမည်ကိုငါသိခြင်းငှါ၊ သင်တို့တန်ဆာများကို ချွတ်ကြလော့ဟု မောရှေအားမိန့်တော်မူနှင့်သတည်း။
6 ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင်ခြေရင်း၌ မိမိတို့တန်ဆာများကိုချွတ်ကြ၏။
7 မောရှေသည်တဲတော်ကိုယူ၍ တပ်ပြင်၌ခပ်ဝေးဝေးဆောက်ပြီးလျှင်၊ ပရိသတ် စည်းဝေးရာတဲဟူ၍ ခေါ်ဝေါ်၏။ ထာဝရဘုရားကိုရှာသောသူအပေါင်းတို့သည် တပ်ပြင်၌ရှိသော ပရိသတ်စည်းဝေးရာတဲတော်သို့ ထွက်သွားကြ၏။
8 မောရှေသည်တဲတော်သို့ ထွက်သွားသောအခါ၊ လူအပေါင်းတို့သည်ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည် တိုင်အောင် ကြည့်ရှုလျက်နေကြ၏။
9 မောရှေသည်တဲတော်အထဲသို့ဝင်ပြီးမှ၊ မိုဃ်းတိမ်တိုင်ဆင်းသက်၍ တဲတော်တံခါးဝ၌ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့်နှုတ်ဆက်တော်မူ၏။
10 တဲတော်တံခါးဝ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကိုမြင်လျှင်၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ကိုးကွယ်ကြ၏။
11 ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည်နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင်၍နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏လက်ထောက်နုန်၏သား ယောရှုမည်သောလုလင်သည်၊ တဲတော်မှမထွက်ဘဲနေ၏။