ထွက်​မြောက် 36:1-6 BJB

1 ထိုသို့ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဘို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သောဥာဏ်ပညာကို ထာဝရဘုရားပေးသွင်းတော်မူသော ပညာရှိအပေါင်းတို့နှင့်တကွ၊ ဗေဇလေလ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။

2 တဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကို၎င်း၊ ထာဝရဘုရားပေးတော်မူသော ဥာဏ်သဘောကိုရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသောပညာရှိအပေါင်းတို့ကို၎င်း ခေါ်ပြီးလျှင်၊

3 သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကိုလုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ဆောင်ခဲ့သောအလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်းထပ်၍ ဆောင်ခဲ့ကြသေး၏။

4 ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီးမိမိလုပ်ရာမှ၊

5 မောရှေထံသို့လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ဆောင်ခဲ့ကြပါပြီဟု ကြားပြောလျှင်၊

6 မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့်ဟုစီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။