6 မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့်ဟုစီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။
7 ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကိုပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။
8 သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သောသူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။
9 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။
10 ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။
11 ကုလားကာတထည် ပြင်ဘက်ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့်လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။
12 ကုလားကာတထည်၌ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို၎င်းလုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။