ထွက်​မြောက် 4:6-12 BJB

6 တဖန် ထာဝရဘုရားက၊ သင်၏လက်ကို သင်၏ရင်ခွင်သို့သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကိုရင်ခွင်သို့သွင်း၍ထုတ်ပြန်သောအခါ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ၏။

7 တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကိုရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသားဖြစ်ပြန်လေ၏။

8 ထိုသူတို့သည်သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သောနိမိတ်သက်သေကို ယုံကြလိမ့်မည်။

9 သို့မဟုတ် ထိုနိမိတ်နှစ်ပါးကိုမယုံ၊ သင်၏စကားကိုနားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကိုယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲကယူသောရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

10 မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည်နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင်မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။

11 ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကိုအဘယ်သူဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားဖန်ဆင်းသည် မဟုတ်လော။

12 သို့ဖြစ်၍ ယခုသွားလော့။ သင်၏နှုတ်၌ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟုမိန့်တော်မူ၏။