ထွက်​မြောက် 4:9-15 BJB

9 သို့မဟုတ် ထိုနိမိတ်နှစ်ပါးကိုမယုံ၊ သင်၏စကားကိုနားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကိုယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲကယူသောရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

10 မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည်နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင်မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။

11 ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကိုအဘယ်သူဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားဖန်ဆင်းသည် မဟုတ်လော။

12 သို့ဖြစ်၍ ယခုသွားလော့။ သင်၏နှုတ်၌ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟုမိန့်တော်မူ၏။

13 မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟုလျှောက်သော်၊

14 ထာဝရဘုရားသည် မောရှေအားအမျက်တော်ထွက်၍၊ လေဝိလူအာရုန်သည် သင်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သူသည်ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်းသင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။

15 သင်သည်သူနှင့်စကားပြော၍၊ သူပြောစရာစကားကိုပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်းငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။