ရော​မ​ဩ​ဝါ​ဒ​စာ 10 MSB

ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော​ကယ်​တင်​ခြင်း

1 ညီ​အစ်​ကို​တို့၊ ငါ့​စိတ်​နှ​လုံး​၏​လို​အင်​ဆန္ဒ​နှင့် အစ္စ​ရေး​လူ​မျိုး​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ ငါ​ဆု​တောင်း​သော​အ​ရာ​မှာ သူ​တို့​ကယ်​တင်​ခြင်း​ရ​ရှိ​ရန်​ဖြစ်​၏။

2 သူ​တို့​သည် ဘု​ရား​သ​ခင်​အ​တွက် ထက်​သန်​သော​စိတ်​ရှိ​ကြောင်း ငါ​သက်​သေ​ခံ​၏။ သို့​သော် ထို​ထက်​သန်​သော​စိတ်​သည် စစ်​မှန်​သော​အ​သိ​ပ​ညာ​အား​ဖြင့်​မ​ဟုတ်။

3 အ​ကြောင်း​မှာ သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ကို​မ​သိ​ဘဲ မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​တည်​စေ​ရန် ရှာ​ကြံ​လျက် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ကို မ​နာ​ခံ​သော​ကြောင့်​ဖြစ်​၏။

4 ခ​ရစ်​တော်​သည် ယုံ​ကြည်​သော​သူ​တိုင်း ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​ရန် ပ​ညတ်​တ​ရား​၏​အ​ဆုံး​သတ်​ရာ​ဖြစ်​တော်​မူ​၏။

5 မော​ရှေ​က​လည်း ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​နှင့်​ပတ်​သက်​၍ “ဤ​အ​ရာ​များ​ကို​လိုက်​နာ​ကျင့်​သုံး​သော​သူ​သည် ၎င်း​တို့​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်”​ဟု ရေး​ထား​၏။

6 ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော​ဖြောင့်​မတ်​ခြင်း​မူ​ကား “သင်​၏​စိတ်​နှ​လုံး​ထဲ​၌ ‘ကောင်း​ကင်​သို့ မည်​သူ​တက်​မည်​နည်း’​ဟု မ​ပြော​နှင့် (ဤ​သည်​ကား ခ​ရစ်​တော်​ကို အောက်​သို့​ခေါ်​ဆောင်​လာ​ခြင်း​ဖြစ်​၏။)

7 သို့​မ​ဟုတ် ‘အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​သို့ မည်​သူ​ဆင်း​မည်​နည်း’​ဟူ​၍​လည်း မ​ပြော​နှင့် (ဤ​သည်​ကား ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ခေါ်​ထုတ်​ခြင်း​ဖြစ်​၏)”​ဟု ဆို​ထား​၏။

8 ထို့​ပြင် မည်​သို့​ဆို​ထား​သ​နည်း။ “တ​ရား​စ​ကား​သည် သင်​၏​အ​နီး​၌​ရှိ​၏။ သင်​၏​နှုတ်​၌​လည်း​ကောင်း၊ သင်​၏​စိတ်​နှ​လုံး​၌​လည်း​ကောင်း ရှိ​၏”​ဟု ဆို​ထား​၏။ ဤ​သည်​ကား ငါ​တို့​ဟော​ပြော​သည့် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော တ​ရား​စ​ကား​ဖြစ်​၏။

9 သင်​သည် မိ​မိ​နှုတ်​ဖြင့် ယေ​ရှု​သည် အ​ရှင်​သ​ခင်​ဖြစ်​ကြောင်း​ဝန်​ခံ​၍ သင်​၏​စိတ်​နှ​လုံး​ထဲ​၌ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ယုံ​ကြည်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​မည်။

10 အ​ကြောင်း​မူ​ကား လူ​သည် စိတ်​နှ​လုံး​ဖြင့်​ယုံ​ကြည်​၍ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ပြီး နှုတ်​ဖြင့်​ဝန်​ခံ​၍ ကယ်​တင်​ခြင်း​ခံ​ရ​၏။

11 အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​က “ထို​ကျောက်​ကို​ယုံ​ကြည်​သ​မျှ​သော​သူ​သည် အ​ရှက်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု ဆို​ထား​၏။

12 ဤ​တွင် ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး​တို့​ကြား​၌ ခြား​နား​မှု​မ​ရှိ။ အ​ကြောင်း​မူ​ကား တစ်​ပါး​တည်း​သော​အ​ရှင်​သည် လူ​အ​ပေါင်း​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​ပြီး ကိုယ်​တော်​ကို​ပတ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​အား ကြွယ်​ဝ​စေ​တော်​မူ​၏။

13 “ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ပတ္ထ​နာ​ပြု​သော​သူ​တိုင်း ကယ်​တင်​ခြင်း​ခံ​ရ​မည်”​ဖြစ်​၏။

ကောင်း​မြတ်​သော​သ​တင်း​ကို​ကြား​နာ​၍​ယုံ​ကြည်​ခြင်း

14 သို့​ရာ​တွင် မိ​မိ​မ​ယုံ​ကြည်​သော​အ​ရှင်​ထံ မည်​သို့​ပတ္ထ​နာ​ပြု​နိုင်​မည်​နည်း။ မိ​မိ​မ​ကြား​ဖူး​သော​အ​ရှင်​ကို မည်​သို့​ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် မည်​သို့​ကြား​နိုင်​မည်​နည်း။

15 စေ​လွှတ်​ခြင်း​မ​ခံ​ရ​လျှင် မည်​သို့​ဟော​ပြော​နိုင်​မည်​နည်း။ “ကောင်း​မြတ်​ခြင်း​နှင့်​ဆိုင်​သည့် ဝမ်း​မြောက်​ဖွယ်​သ​တင်း​ကို​ဟော​ပြော​သော​သူ​များ​၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

16 သို့​သော် ဤ​ကောင်း​မြတ်​သော​သ​တင်း​ကို သူ​တို့​အား​လုံး​နာ​ခံ​ကြ​သည်​မ​ဟုတ်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​က “အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​သ​တင်း​စ​ကား​ကို မည်​သူ​ယုံ​ကြည်​ပါ​သ​နည်း”​ဟု ဆို​ထား​၏။

17 သို့​ဖြစ်​၍ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့်​ဖြစ်​ပြီး ကြား​နာ​ခြင်း​သည် ခ​ရစ်​တော်​၏​စ​ကား​တော်​အား​ဖြင့်​ဖြစ်​၏။

18 သို့​သော် ငါ​မေး​လို​သည်​မှာ ထို​သူ​တို့​မ​ကြား​ခဲ့​ရ​သ​လော။ အ​မှန်​ပင်​ကြား​ခဲ့​ရ​၏။ “သူ​တို့​၏​အ​သံ​သည် မြေ​ကြီး​တစ်​ပြင်​လုံး​သို့ ပျံ့​နှံ့​သွား​၍ သူ​တို့​၏​စ​ကား​သည် ကမ္ဘာ​လော​က​အ​စွန်​အ​ဖျား​တိုင်​အောင် ရောက်​လေ​၏။ ”

19 တစ်​ဖန် ငါ​မေး​လို​သည်​မှာ အစ္စ​ရေး​လူ​မျိုး​တို့​သည် မ​သိ​ကြ​သ​လော။ ပ​ထ​မ​ဦး​စွာ မော​ရှေ​က “ငါ​သည် မ​ပြော​ပ​လောက်​သော​လူ​မျိုး​အား​ဖြင့် သင်​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​၍ အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး​အား​ဖြင့် သင်​တို့​ကို မ​ခံ​မ​ရပ်​နိုင်​ဖြစ်​စေ​မည်”​ဟု ဆို​၏။

20 ပ​ရော​ဖက်​ဟေ​ရှာ​ယ​က​လည်း “ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရှိ​ကြ​၏။ ငါ့​အ​ကြောင်း​ကို​မ​မေး​မြန်း​သော​သူ​တို့​ထံ ငါ့​ကိုယ်​ငါ​ထင်​ရှား​ပြ​၏”​ဟု ရဲ​ရင့်​စွာ​ဆို​ထား​၏။

21 အစ္စ​ရေး​လူ​မျိုး​နှင့်​ပတ်​သက်​၍​မူ​ကား “နာ​ခံ​ခြင်း​မ​ရှိ၊ ဆန့်​ကျင်​ပုန်​ကန်​တတ်​သော​လူ​မျိုး​ထံ​သို့ တစ်​နေ့​လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​ခဲ့​၏”​ဟု ဆို​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16