1 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
2 သင်တို့သည် ဤလောက၏ပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိနိုင်ရန် စိတ်နှလုံးကို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိကြလော့။
3 ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
4 အကြောင်းမူကား ကိုယ်ခန္ဓာတစ်ခု၌ အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ထိုအင်္ဂါအစိတ်အပိုင်းအားလုံးသည် တူညီသောလုပ်ဆောင်မှုကို လုပ်ဆောင်ကြသည်မဟုတ်သကဲ့သို့
5 အရေအတွက်အားဖြင့် များစွာရှိကြသောငါတို့သည်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြပြီး အသီးသီးသည် အင်္ဂါအစိတ်အပိုင်းအချင်းချင်းဖြစ်ကြကာ
6 ငါတို့၌ပေးအပ်တော်မူသော ကျေးဇူးတော်အတိုင်း အထူးထူးအပြားပြားသောဆုကျေးဇူးများကို ရရှိကြ၏။ သို့ဖြစ်၍ ထိုဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ပမာဏအတိုင်း ပရောဖက်ပြုဟောပြောစေ။
7 အမှုတော်ဆောင်ဖြစ်လျှင် အမှုတော်ကိုဆောင်ရွက်စေ။ သွန်သင်သောသူဖြစ်လျှင် သွန်သင်ခြင်းကိုပြုစေ။
8 တိုက်တွန်းနှိုးဆော်သူဖြစ်လျှင် တိုက်တွန်းနှိုးဆော်ခြင်းကိုပြုစေ။ ပေးကမ်းဝေမျှသောသူသည် ရက်ရောစွာပေးကမ်းဝေမျှစေ။ စီမံအုပ်ချုပ်သောသူသည် လုံ့လဝီရိယဖြင့်စီမံအုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် ကြည်ဖြူသောစိတ်နှင့်ပြုစေ။
9 ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကိုရွံမုန်း၍ ကောင်းသောအရာကိုတွယ်တာကြလော့။
10 ညီအစ်ကိုချင်းချစ်သောမေတ္တာအားဖြင့် အချင်းချင်းချစ်ခင်ကြင်နာကြ၍ ရိုသေသမှုပြုခြင်း၌ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု မှတ်ယူကြလော့။
11 လုံ့လဝီရိယစိုက်ထုတ်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဝိညာဉ်ရေး၌ထက်သန်လျက် သခင်ဘုရားကိုအစေခံကြလော့။
12 မျှော်လင့်ခြင်း၌ဝမ်းမြောက်လျက် ဆင်းရဲဒုက္ခကိုသည်းခံကာ ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုကြလော့။
13 သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။
14 သင်တို့အားညှဉ်းဆဲသောသူတို့ကို ကောင်းချီးပေးကြလော့။ ကောင်းချီးကိုသာပေး၍ ကျိန်ဆဲခြင်းကိုမပြုကြနှင့်။
15 ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
16 အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိကြလော့။ ထောင်လွှားသောသဘောမရှိဘဲ အခြေအနေနိမ့်ပါးသောသူတို့နှင့် ပေါင်းသင်းဆက်ဆံကြလော့။ မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍ မထင်မှတ်ကြနှင့်။
17 မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့၌ တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြလော့။
18 သင်တို့ဘက်မှ တတ်နိုင်သမျှ လူအပေါင်းတို့နှင့် သင့်မြတ်စွာနေကြလော့။
19 ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
20 ထို့ကြောင့် လက်တုံ့မပြန်ဘဲ “သင့်ရန်သူဆာလောင်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်သည် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။”
21 အဆိုး၏အနိုင်ယူခြင်းကိုမခံဘဲ အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူလော့။