ရော​မ​ဩ​ဝါ​ဒ​စာ 8 MSB

ဝိ​ညာဉ်​တော်​အား​ဖြင့်​အ​သက်​ရှင်​ခြင်း

1 ထို့​ကြောင့် ယ​ခု​အ​ခါ ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မ​ခံ​ရ။

2 အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သည့် အ​သက်​ရှင်​ခြင်း​၏​ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော​တ​ရား​သည် အ​ပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်​ဆိုင်​သော​တ​ရား​မှ သင့်​ကို​လွတ်​မြောက်​စေ​ပြီ​ဖြစ်​၏။

3 ဘု​ရား​သ​ခင်​သည် မိ​မိ​၏​သား​တော်​ကို အ​ပြစ်​နှင့်​ပြည့်​ဝ​သည့် သွေး​သား​ဇာ​တိ​နှင့်​တူ​ညီ​သော​သဏ္ဌာန်​၌ အ​ပြစ်​အ​တွက်​စေ​လွှတ်​တော်​မူ​၍ သွေး​သား​ဇာ​တိ​၌​ရှိ​သော​အ​ပြစ်​ကို ဒဏ်​ခတ်​တော်​မူ​ပြီး သွေး​သား​ဇာ​တိ​ကြောင့် အား​နည်း​၍ ပ​ညတ်​တ​ရား​မ​ဆောင်​ရွက်​နိုင်​သော​အ​မှု​ကို ဆောင်​ရွက်​ပေး​တော်​မူ​၏။

4 ဤ​သည်​ကား သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​အ​လို​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​သော​ငါ​တို့​၌ ပ​ညတ်​တ​ရား​၏​ပြဋ္ဌာန်း​ချက်​များ ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

5 သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း အ​သက်​ရှင်​သော​သူ​တို့​သည် သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို စွဲ​လမ်း​ကြ​၏။ ဝိ​ညာဉ်​တော်​အ​လို​အ​တိုင်း အ​သက်​ရှင်​သော​သူ​တို့​မူ​ကား ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို စွဲ​လမ်း​ကြ​၏။

6 သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​စိတ်​သ​ဘော​သည် သေ​ခြင်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော​စိတ်​သ​ဘော​မူ​ကား အ​သက်​ရှင်​ခြင်း​နှင့်​ငြိမ်​သက်​ခြင်း​ဖြစ်​၏။

7 အ​ဘယ်​ကြောင့်​ဆို​သော် သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ရန်​ဘက်​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ထို​စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​ကို နာ​ခံ​ခြင်း​မ​ရှိ။ အ​မှန်​စင်​စစ် နာ​ခံ​၍​လည်း​မ​ရ​နိုင်။

8 ထို့​ကြောင့် သွေး​သား​ဇာ​တိ​အား​ဖြင့်​အ​သက်​ရှင်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​နှစ်​သက်​စေ​နိုင်​ကြ။

9 သို့​သော် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​ကိန်း​ဝပ်​တော်​မူ​လျှင် သင်​တို့​သည် သွေး​သား​ဇာ​တိ​၌​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​၌​ရှိ​ကြ​၏။ ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခ​ရစ်​တော်​နှင့်​မ​ဆိုင်။

10 သို့​ရာ​တွင် ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ​၌​ရှိ​တော်​မူ​လျှင် ကိုယ်​ခန္ဓာ​သည် အ​ပြစ်​ကြောင့် သေ​နေ​သော်​လည်း ဝိ​ညာဉ်​သည် ဖြောင့်​မတ်​ခြင်း​ကြောင့် အ​သက်​ရှင်​လျက်​ရှိ​၏။

11 ထို​မျှ​မ​က ယေ​ရှု​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​သော​ဘု​ရား​ရှင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​ကိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ​ထ​မြောက်​စေ​တော်​မူ​သော​ဘု​ရား​ရှင်​သည် သင်​တို့​အ​ထဲ​၌​တည်​နေ​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း အ​သက်​ရှင်​စေ​တော်​မူ​လိမ့်​မည်။

12 သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း​အ​သက်​ရှင်​ရန် သွေး​သား​ဇာ​တိ​အ​ပေါ် တာ​ဝန်​ရှိ​သည်​မ​ဟုတ်။

13 အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း​အ​သက်​ရှင်​လျှင် သေ​ရ​ကြ​မည်။ သို့​သော် ဝိ​ညာဉ်​တော်​အား​ဖြင့် ကိုယ်​ခန္ဓာ​၏​လုပ်​ဆောင်​မှု​များ​ကို​သေ​စေ​လျှင် သင်​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။

14 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို ခံ​ယူ​သ​မျှ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ကြ​၏။

15 သင်​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့ တစ်​ဖန်​ရောက်​စေ​သော ကျွန်​၏​ဝိ​ညာဉ်​ကို​ခံ​ယူ​ရ​ရှိ​ကြ​သည်​မ​ဟုတ်​ဘဲ သား​သ​မီး​အ​ရာ​ကို​ပေး​သော​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​ကြ​၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် “အဗ္ဗ၊ အ​ဖ”​ဟု ငါ​တို့​ခေါ်​ကြ​၏။

16 ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြောင်း​ကို ဝိ​ညာဉ်​တော်​ကိုယ်​တိုင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော်​မူ​၏။

17 ထို​သို့ သား​သ​မီး​များ​ဖြစ်​ကြ​လျှင် အ​မွေ​ခံ​များ​လည်း ဖြစ်​ကြ​၏။ ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဘုန်း​တော်​ချီး​မြှောက်​ခြင်း​ခံ​ရ​ရန် ဒုက္ခ​ဆင်း​ရဲ​ခြင်း​ကို​လည်း ကိုယ်​တော်​နှင့်​အ​တူ​ခံ​ရ​ကြ​လျှင် ဘု​ရား​သ​ခင်​၏​အ​မွေ​ခံ​များ​ဖြစ်​ကြ​ပြီး ခ​ရစ်​တော်​နှင့်​အ​တူ​အ​မွေ​ဆက်​ခံ​သူ​များ​လည်း ဖြစ်​ကြ​၏။

အ​နာ​ဂတ်​ဘုန်း​အ​သ​ရေ​နှင့်​မျှော်​လင့်​ခြင်း

18 ယ​ခု​မျက်​မှောက်​ကာ​လ​၌ ခံ​ရ​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​သည် ငါ​တို့​၌​ထင်​ရှား​မည့်​ဘုန်း​အ​သ​ရေ​နှင့်​နှိုင်း​လျှင် မ​ပြော​ပ​လောက်​ဟု ငါ​မှတ်​ယူ​၏။

19 ဖန်​ဆင်း​ခံ​လော​က​သည် ဘု​ရား​သ​ခင့်​သား​များ​၏​ထင်​ရှား​ခြင်း​ကို အ​လွန်​တောင့်​တ​သော​စိတ်​ဖြင့် စောင့်​မျှော်​လျက်​နေ​၏။

20 အ​ဘယ်​ကြောင့်​ဆို​သော် ဖန်​ဆင်း​ခံ​လော​က​သည် အ​ချည်း​နှီး​အ​ဖြစ်​သို့​ချ​ထား​ခြင်း​ခံ​ရ​သည်​မှာ မိ​မိ​ဆန္ဒ​အ​လျောက်​မ​ဟုတ်​ဘဲ ချ​ထား​တော်​မူ​သော​အ​ရှင်​ကြောင့်​သာ​ဖြစ်​ပြီး

21 ဖန်​ဆင်း​ခံ​လော​က​ကိုယ်​တိုင် ပျက်​စီး​ခြင်း​၏​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​၍ ဘု​ရား​သ​ခင့်​သား​သ​မီး​များ​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော လွတ်​လပ်​ခြင်း​သို့​ဝင်​စား​ခွင့်​ရ​မည်​ဟူ​သည့် မျှော်​လင့်​ခြင်း​ရှိ​သော​ကြောင့်​ဖြစ်​၏။

22 ဖန်​ဆင်း​ခံ​လော​က​တစ်​ခု​လုံး​သည် ယ​ခု​တိုင်​အောင် အ​တူ​တ​ကွ​ညည်း​တွား​လျက် အ​တူ​တ​ကွ​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​စား​လျက်​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။

23 ထို​မျှ​မ​က ဝိ​ညာဉ်​တော်​၏​အ​သီး​ဦး​ကို​ရ​ရှိ​သော ငါ​တို့​ကိုယ်​တိုင်​သည်​လည်း သား​သ​မီး​အ​ရာ​ကို​ရ​ခြင်း​တည်း​ဟူ​သော ငါ​တို့​၏​ကိုယ်​ခန္ဓာ​ရွေး​နုတ်​ခံ​ရ​ခြင်း​ကို စောင့်​မျှော်​လျက် စိတ်​နှ​လုံး​ထဲ​၌ ညည်း​တွား​နေ​ကြ​၏။

24 ငါ​တို့​သည် ဤ​မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​၏။ သို့​သော် မြင်​နေ​ရ​သော​မျှော်​လင့်​ခြင်း​သည် မျှော်​လင့်​ခြင်း​မ​ဟုတ်။ အ​ကြောင်း​မှာ မည်​သူ​သည် မြင်​နေ​သော​အ​ရာ​ကို ဆက်​၍​မျှော်​လင့်​မည်​နည်း။

25 မ​မြင်​သေး​သော​အ​ရာ​ကို ငါ​တို့​မျှော်​လင့်​ကြ​လျှင်​မူ​ကား ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့်​စောင့်​မျှော်​ကြ​၏။

26 ထို​နည်း​တူ ဝိ​ညာဉ်​တော်​သည်​လည်း ငါ​တို့​၏​အား​နည်း​ခြင်း​ကို ဖေး​မ​ကူ​ညီ​ပေး​တော်​မူ​၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည့်​အ​တိုင်း မည်​သို့​ဆု​တောင်း​ရ​မည်​ကို မ​သိ​ကြ။ သို့​သော် ဝိ​ညာဉ်​တော်​ကိုယ်​တော်​တိုင် စ​ကား​ဖြင့်​ဖော်​ပြ​၍​မ​ရ​နိုင်​သော ညည်း​တွား​သံ​များ​ဖြင့် ငါ​တို့​အ​တွက် အ​သ​နား​ခံ​ပေး​တော်​မူ​၏။

27 စိတ်​နှ​လုံး​တို့​ကို​စူး​စမ်း​တော်​မူ​သော​အ​ရှင်​သည်​လည်း ဝိ​ညာဉ်​တော်​၏​စိတ်​သ​ဘော​ကို သိ​တော်​မူ​၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ သန့်​ရှင်း​သူ​များ​အ​တွက် အ​သ​နား​ခံ​ပေး​တော်​မူ​၏။

28 ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​များ​တည်း​ဟူ​သော အ​ကြံ​အ​စည်​တော်​အ​တိုင်း ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​များ​အ​တွက် ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို ပူး​ပေါင်း​လုပ်​ဆောင်​စေ​၍ ကောင်း​ကျိုး​ဖြစ်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

29 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် သိ​ထား​နှင့်​တော်​မူ​သော​သူ​တို့​ကို မိ​မိ​သား​တော်​၏​ပုံ​သဏ္ဌာန်​နှင့်​တူ​ညီ​စေ​ရန် ကြို​တင်​သတ်​မှတ်​ထား​တော်​မူ​၏။ ဤ​သည်​ကား သား​တော်​သည် များ​စွာ​သော​ညီ​အစ်​ကို​တို့​တွင် သား​ဦး​ဖြစ်​မည့်​အ​ကြောင်း​တည်း။

30 ထို​သို့​ကြို​တင်​သတ်​မှတ်​ထား​တော်​မူ​သော​သူ​တို့​ကို ဘု​ရား​သ​ခင်​သည် ခေါ်​ယူ​တော်​မူ​ပြီး ခေါ်​ယူ​တော်​မူ​သော​သူ​တို့​ကို ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​၍ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​၏။

ယုံ​ကြည်​သူ​၏​အောင်​မြင်​ခြင်း

31 သို့​ဖြစ်​လျှင် ဤ​အ​ရာ​များ​ကို​ထောက်​၍ မည်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်​၌​ရှိ​တော်​မူ​လျှင် မည်​သူ​သည် ငါ​တို့​ကို ဆန့်​ကျင်​နိုင်​မည်​နည်း။

32 မိ​မိ​သား​တော်​ရင်း​ကို​ပင် ချန်​လှပ်​မ​ထား​ဘဲ ငါ​တို့​အား​လုံး​အ​တွက် စွန့်​တော်​မူ​သော​အ​ရှင်​သည် သား​တော်​နှင့်​တ​ကွ အ​ရာ​ခပ်​သိမ်း​တို့​ကို​လည်း ငါ​တို့​အား​မ​ပေး​ဘဲ​နေ​တော်​မူ​မည်​လော။

33 မည်​သူ​သည် ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​တို့​ကို ပြစ်​တင်​စွဲ​ဆို​မည်​နည်း။ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

34 မည်​သူ​သည် ပြစ်​ဒဏ်​စီ​ရင်​မည်​နည်း။ အ​သေ​ခံ​တော်​မူ​သည်​သာ​မ​က ထ​မြောက်​တော်​မူ​သော ခ​ရစ်​တော်​ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌​နေ​၍ ငါ​တို့​အ​တွက် အ​သ​နား​ခံ​ပေး​တော်​မူ​၏။

35 မည်​သူ​သည် ငါ​တို့​ကို ခ​ရစ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ကွဲ​ကွာ​စေ​မည်​နည်း။ ဆင်း​ရဲ​ဒုက္ခ၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ၊ ညှဉ်း​ဆဲ​ခြင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​အန္တ​ရာယ်​နှင့် ဓား​ဘေး​စ​သည်​တို့​လော။

36 “အ​ကျွန်ုပ်​တို့​သည် တစ်​နေ့​လုံး ကိုယ်​တော်​အ​တွက် သေ​ခြင်း​နှင့်​ရင်​ဆိုင်​နေ​ရ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့ မှတ်​ယူ​ခြင်း​ခံ​ရ​ကြ​ပါ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

37 သို့​သော် ငါ​တို့​သည် ငါ​တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို​ခံ​ရ​စဉ်​၌​ပင် လုံး​လုံး​လျား​လျား​အောင်​မြင်​လျက်​ရှိ​ကြ​၏။

38 အ​ကြောင်း​မူ​ကား သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​များ​ဖြစ်​စေ၊ အုပ်​ချုပ်​သူ​များ​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​များ​ဖြစ်​စေ၊ နောင်​လာ​မည့်​အ​ရာ​များ​ဖြစ်​စေ၊ တန်​ခိုး​များ​ဖြစ်​စေ၊

39 အ​ထက်​အ​ရာ​ဖြစ်​စေ၊ အောက်​အ​ရာ​ဖြစ်​စေ၊ ဖန်​ဆင်း​တော်​မူ​သော​အ​ခြား​မည်​သည့်​အ​ရာ​ပင်​ဖြစ်​စေ ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွဲ​ကွာ​စေ​နိုင်​ဟု ငါ​သည် ယုံ​ကြည်​စိတ်​ချ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16