ရော​မ​ဩ​ဝါ​ဒ​စာ 12 MSB

ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဝတ်​ပြု​ခြင်း

1 သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​အား​ဖြင့် သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့် သန့်​ရှင်း​၍​အ​သက်​ရှင်​သော​ယဇ်​အ​ဖြစ် ပူ​ဇော်​ကြ​လော့။ ဤ​သည်​ကား သင်​တို့​ပြု​အပ်​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဝတ်​ပြု​ခြင်း​ဖြစ်​၏။

2 သင်​တို့​သည် ဤ​လော​က​၏​ပုံ​သဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​သော​အ​ရာ​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ပိုင်း​ခြား​သိ​ရှိ​နိုင်​ရန် စိတ်​နှ​လုံး​ကို အ​သစ်​ပြု​ပြင်​ခြင်း​ဖြင့် ပုံ​သဏ္ဌာန်​ပြောင်း​လဲ​ခြင်း​ရှိ​ကြ​လော့။

3 ငါ့​အား​ပေး​အပ်​တော်​မူ​သော ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​ထဲ​တွင်​ရှိ​သော​သူ​အား​လုံး​ကို ငါ​မှာ​ကြား​လို​သည်​မှာ သင်​တို့​သည် မိ​မိ​ကိုယ်​ကို ထင်​သင့်​သည်​ထက် ပို​၍​အ​ထင်​မ​ကြီး​ကြ​ဘဲ သင်​တို့​အ​သီး​သီး​အား ဘု​ရား​သ​ခင်​ခွဲ​ဝေ​ပေး​တော်​မူ​သော ယုံ​ကြည်​ခြင်း​အ​တိုင်း​အ​တာ​နှင့်​အ​ညီ သင့်​တင့်​လျောက်​ပတ်​စွာ ထင်​မြင်​ကြ​လော့။

4 အ​ကြောင်း​မူ​ကား ကိုယ်​ခန္ဓာ​တစ်​ခု​၌ အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​စွာ​ရှိ​၍ ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အား​လုံး​သည် တူ​ညီ​သော​လုပ်​ဆောင်​မှု​ကို လုပ်​ဆောင်​ကြ​သည်​မ​ဟုတ်​သ​ကဲ့​သို့

5 အ​ရေ​အ​တွက်​အား​ဖြင့် များ​စွာ​ရှိ​ကြ​သော​ငါ​တို့​သည်​လည်း ခ​ရစ်​တော်​၌ ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ဖြစ်​ကြ​ပြီး အ​သီး​သီး​သည် အင်္ဂါ​အ​စိတ်​အ​ပိုင်း​အ​ချင်း​ချင်း​ဖြစ်​ကြ​ကာ

6 ငါ​တို့​၌​ပေး​အပ်​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း အ​ထူး​ထူး​အ​ပြား​ပြား​သော​ဆု​ကျေး​ဇူး​များ​ကို ရ​ရှိ​ကြ​၏။ သို့​ဖြစ်​၍ ထို​ဆု​ကျေး​ဇူး​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​ဖြစ်​လျှင် ယုံ​ကြည်​ခြင်း​၏​ပ​မာ​ဏ​အ​တိုင်း ပ​ရော​ဖက်​ပြု​ဟော​ပြော​စေ။

7 အ​မှု​တော်​ဆောင်​ဖြစ်​လျှင် အ​မှု​တော်​ကို​ဆောင်​ရွက်​စေ။ သွန်​သင်​သော​သူ​ဖြစ်​လျှင် သွန်​သင်​ခြင်း​ကို​ပြု​စေ။

8 တိုက်​တွန်း​နှိုး​ဆော်​သူ​ဖြစ်​လျှင် တိုက်​တွန်း​နှိုး​ဆော်​ခြင်း​ကို​ပြု​စေ။ ပေး​ကမ်း​ဝေ​မျှ​သော​သူ​သည် ရက်​ရော​စွာ​ပေး​ကမ်း​ဝေ​မျှ​စေ။ စီ​မံ​အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝီ​ရိ​ယ​ဖြင့်​စီ​မံ​အုပ်​ချုပ်​စေ။ မ​စ​သ​နား​ခြင်း​အ​မှု​ကို​ပြု​သော​သူ​သည် ကြည်​ဖြူ​သော​စိတ်​နှင့်​ပြု​စေ။

ခ​ရစ်​ယာန်​တို့​၏​စိတ်​သ​ဘော​ထား

9 ချစ်​ခြင်း​မေတ္တာ​သည် ဟန်​ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မ​ကောင်း​သော​အ​ရာ​ကို​ရွံ​မုန်း​၍ ကောင်း​သော​အ​ရာ​ကို​တွယ်​တာ​ကြ​လော့။

10 ညီ​အစ်​ကို​ချင်း​ချစ်​သော​မေတ္တာ​အား​ဖြင့် အ​ချင်း​ချင်း​ချစ်​ခင်​ကြင်​နာ​ကြ​၍ ရို​သေ​သ​မှု​ပြု​ခြင်း​၌ သူ​တစ်​ပါး​သည် မိ​မိ​ထက်​သာ​လွန်​သည်​ဟု မှတ်​ယူ​ကြ​လော့။

11 လုံ့​လ​ဝီ​ရိ​ယ​စိုက်​ထုတ်​ရာ​တွင် ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ ဝိ​ညာဉ်​ရေး​၌​ထက်​သန်​လျက် သ​ခင်​ဘု​ရား​ကို​အ​စေ​ခံ​ကြ​လော့။

12 မျှော်​လင့်​ခြင်း​၌​ဝမ်း​မြောက်​လျက် ဆင်း​ရဲ​ဒုက္ခ​ကို​သည်း​ခံ​ကာ ဆု​တောင်း​ခြင်း​အ​မှု​ကို အ​စဉ်​တ​စိုက်​ပြု​ကြ​လော့။

13 သန့်​ရှင်း​သူ​တို့​၏​လို​အပ်​ချက်​များ​ကို ပါ​ဝင်​ဖြည့်​ဆည်း​လျက် ဧည့်​ဝတ်​ကို ကြိုး​စား​ပြု​ကြ​လော့။

14 သင်​တို့​အား​ညှဉ်း​ဆဲ​သော​သူ​တို့​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ကောင်း​ချီး​ကို​သာ​ပေး​၍ ကျိန်​ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။

15 ဝမ်း​မြောက်​သော​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​၍ ငို​ကြွေး​သော​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ​လော့။

16 အ​ချင်း​ချင်း​တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​ကြ​လော့။ ထောင်​လွှား​သော​သ​ဘော​မ​ရှိ​ဘဲ အ​ခြေ​အ​နေ​နိမ့်​ပါး​သော​သူ​တို့​နှင့် ပေါင်း​သင်း​ဆက်​ဆံ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​သ​တိ​ရှိ​သော​သူ​ဟူ​၍ မ​ထင်​မှတ်​ကြ​နှင့်။

17 မည်​သူ့​ကို​မျှ အ​ဆိုး​ကို အ​ဆိုး​ဖြင့် မ​တုံ့​ပြန်​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​၌ တင့်​တယ်​လျောက်​ပတ်​သော​အ​မှု​ကို ပြု​မူ​ကျင့်​ကြံ​ကြ​လော့။

18 သင်​တို့​ဘက်​မှ တတ်​နိုင်​သ​မျှ လူ​အ​ပေါင်း​တို့​နှင့် သင့်​မြတ်​စွာ​နေ​ကြ​လော့။

19 ချစ်​ရ​သော​သူ​တို့၊ ကိုယ်​တိုင်​လက်​တုံ့​မ​ပြန်​ဘဲ အ​မျက်​တော်​လက်​သို့ အပ်​နှံ​ထား​ကြ​လော့။ အ​ကြောင်း​မူ​ကား “ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ လက်​တုံ့​ပြန်​ခြင်း​သည် ငါ​နှင့်​ဆိုင်​၏။ ငါ​ကိုယ်​တိုင်​တုံ့​ပြန်​မည်”​ဟု ကျမ်း​စာ​၌​ရေး​ထား​၏။

20 ထို့​ကြောင့် လက်​တုံ့​မ​ပြန်​ဘဲ “သင့်​ရန်​သူ​ဆာ​လောင်​လျှင် ကျွေး​မွေး​လော့။ ရေ​ငတ်​လျှင် သောက်​စ​ရာ​ပေး​လော့။ ထို​သို့​ပြု​ခြင်း​အား​ဖြင့် သင်​သည် သူ​၏​ခေါင်း​ပေါ်​၌ မီး​ခဲ​ကို​ပုံ​ထား​လိမ့်​မည်။”

21 အ​ဆိုး​၏​အ​နိုင်​ယူ​ခြင်း​ကို​မ​ခံ​ဘဲ အ​ကောင်း​အား​ဖြင့် အ​ဆိုး​ကို​အ​နိုင်​ယူ​လော့။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16