1 ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏တွေးတောဆင်ခြင်မှုများကို မဝေဖန်ကြနှင့်။
2 အချို့သောသူသည် အစားအစာအားလုံးကိုစား၍ရသည်ဟု ယုံကြည်၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာစား၏။
3 စားသောသူသည် မစားသောသူကိုမထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို မစီရင်နှင့်။ အကြောင်းမူကား ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။
4 သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်သနည်း။ ထိုသူရပ်သည်ဖြစ်စေ၊ လဲသည်ဖြစ်စေ သူ့သခင်နှင့်ဆိုင်၏။ သို့ရာတွင် သူသည်ရပ်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရားသည် သူ့ကိုရပ်စေနိုင်တော်မူ၏။
5 အချို့သောသူသည် နေ့ရက်တစ်ရက်ကို အခြားနေ့ရက်ထက် ပို၍မြတ်သည်ဟုယူဆ၏။ အချို့မူကား နေ့ရက်အားလုံးအတူတူဖြစ်သည်ဟုယူဆ၏။ လူတိုင်း မိမိတို့ယူဆထားသောအရာအပေါ် စိတ်နှလုံးထဲ၌ အပြည့်အဝယုံကြည်ပါစေ။
6 နေ့ရက်ကိုစောင့်ထိန်းသောသူသည် သခင်ဘုရားအတွက်စောင့်ထိန်း၏။ စားသောသူသည်လည်း သခင်ဘုရားအတွက်စား၏။ အကြောင်းမူကား သူသည် ဘုရားသခင်ကိုကျေးဇူးတင်၏။ မစားသောသူသည်လည်း သခင်ဘုရားအတွက်မစားဘဲနေ၍ ဘုရားသခင်ကိုကျေးဇူးတင်၏။